မကွေးတိုင်း၊ ဂန့်ဂေါမြို့စစ်ကောင်စီထံသို့ ဖေဖော်ဝါရီ၂၉ရက်တွင် PDF တစ်ဦး လက်နက်ချဝင်ရောက်သွားပြီးနောက် မတ်လ၁ရက်နေ့၊ ညပိုင်း၌ ဂန့်ဂေါမြို့ခလရ (၅၀) တပ်ရင်းမှ မြို့ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။
“ PDF တစ်ယောက် စစ်တပ်ထဲဝင်သွားတာရှိတာကိုး၊ အဲ့ဒါကြောင့်လို့ ထင်တာပါ့၊ အရင်တစ်ခါတုန်းကလည်း ဇဟောသားတစ်ယောက် စစ်တပ်ထဲပြေးသွားတုန်းကလည်း ညဆိုရင်ထုတာ။ လက်နက်ကြီးမထုတာက အတော်ကြာပါပြီ၊ အခုလည်း အဲ့ဒါကြောင့်လို့ထင်တာပါ့” ဟု စိုင်ဒူးရွာဒေသခံတစ်ဦးက သုံးသပ်သည်။
စစ်ကောင်စီသည် ဂန့်ဂေါမြို့မြောက်ပိုင်းကျေးရွာများသို့ ည၈နာရီအချိန်ခန့်တွင် ၁၂၀မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွာစည်ကျေးရွာသို့ လက်နက်ကြီးတစ်လုံးကျရောက်ကာ အသက်၅၀အရွယ်အမျိုးသမီး ထိခိုက်ခဲ့ခြင်းဖြစ်သည်။
“ ပထမကတော့ တစ်ချက်ချင်းစီထုတာ၊ နောက်တော့ ၂လုံးပြိုင် ၃လုံးပြိုင်တွေထုတာထင်တယ်နော၊ ဆက်တိုက်ထုတာ။ မြစ်အနောက်ဘက်တွေကျတယ်။ ရွာအနားတွေကျတယ်။ တစ်လုံးက ရွာထဲကိုကျပြီး အဲ့ဒီအမျိုးသမီးကိုထိသွားတာ၊ ပေါင်ရင်းနဲ့ လက်မောင်းတွေထိတယ်။ ဒဏ်ရာကပြင်းတယ်။ ဖြတ်ရမယ်ထင်ပါတယ်” ဟု ရွာစည်ရွာဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၁၄)မှ ရဲဘော်ကျော်မင်းဟိန်းဆိုသူသည် ဂန့်ဂေါမြို့စစ်ကောင်စီ၏ အမတ (၃၇၁)၊ အမြောက်တပ်တွင်းသို့ သေနတ်တစ်လက်နှင့်အတူ ဝင်ရောက်သွားပြီးနောက် ခလရ(၅၀)တပ်ရင်းသို့ စစ်ဆေးရန် ယမန်နေ့တွင် စစ်ကောင်စီက ဆက်လက်ခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုသည် ည၈နာရီမှာ ည၁၀ နာရီအထိကြာမြင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသွားသည့် အမျိုးသမီးကို တော်လှန်းရေးဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။