အညာတွင် ထန်းတက်သမားရှားပါးလာမှုကြောင့် ထန်းလျက်စျေးကွက် မတည်ငြိမ်မှုများဖြစ်ပေါ်နေကြောင်း ထန်းလျက်ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။
အညာဒေသဟု အများခေါ်ကြသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ၂၀၂၁ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစတင်ကာ ထန်းတက်သမားများ ရှားပါးလာခဲ့ခြင်းဖြစ်ပြီး ဒေသထုတ်ကုန် ထန်းလျက်စျေးမှာလည်း မြင့်တက်လာခဲ့ကြောင်းသိရသည်။
ယခင်က ထန်းအငှားတက်ကြသည့် လူငယ်အများစုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံသို့အသီးသီးဝင်ရောက်ကြခြင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ကြခြင်းများကြောင့် ထန်းတော ပိုင်ရှင်များအနေဖြင့် ထန်းလျက်ကုန်ကြမ်းဖြစ်သည့် ထန်းရည် ရရှိရန် ပိုမိုခက်ခဲလာနေခြင်းဖြစ်သည်ဟု တောင်သာမြို့ ဒေသခံတစ်ဦးက ဆိုသည်။
“ ထန်းအငှားတက်သူမရှိဘူး။ ရွာမှာရှိတဲ့ လူငယ်တွေကလည်း နိုင်ငံခြားသွားကြတယ်။ အရင်က ထန်းရှိရင် ရွှေရှိတယ်၊အခုက ထန်းမရှိတော့ အလုပ်လည်းမရှိဘူး၊ ရွှေဆို ပိုဝေးရောပဲ၊ ရှိသေးတဲ့ ထန်းလေးနဲ့ဘဲ အသက်နဲ့ရင်းပြီး မိသားစုစားဝတ်နေရေးဖြေရှင်းနေရတယ်” ဟု တောင်သာမြို့နယ်အတွင်းနေထိုင်သူ တောင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။
ယခင်က ထန်းလျက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀ဝန်းကျင်သာရှိသော်လည်း၊ လက်ရှိတွင် တစ်ပိဿာ ကျပ် ၅၀၀၀ မှ ၆၀၀၀ကျော်အထိ ပေါက်စျေးရှိနေကြောင်း ထန်းလျက်ကုန်သည်တစ်ဦးက ပြောသည်။
“ ကုန်စျေးနှုန်းတွေကတော့ အကုန်တက်တာပါ၊ ထန်းလျက်တစ်ခုတည်းတော့ စျေးတက်တာတော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ ထန်းလျက်က အရင်လို သိပ်မရတော့ဘူး။ နိုင်ငံရေးအခြေအနေမတည်ငြိမ်တာကြောင့်လို့ ပြောရမှာပေါ့၊အထွက်နှုန်းနည်းလာလေလေ စျေးကြီးလေ ဖြစ်နေတာ “ ဟု မိထ္တီလာမြို့မှ ထန်းလျက်ကုန်သည်တစ်ဦးက ပြောသည်။
ထို့ပြင် ထန်းတက်သမားရှားပါးလာသည့်အတွက် ယခင်ရှိထားသည့် ထန်းတောများမှ ထန်းပင်ငယ်များကို အမြစ်မှတူးယူကာ ရောင်းချသည့် စျေးကွက်တစ်ခုလည်း ပေါ်ပေါက်လာကြောင်း စစ်ကိုင်းတိုင်း၊ ဒေသခံတစ်ဦးက ပြောသည်။
ထန်းပင်ငယ်များကို တူးယူရောင်းချနေကြသည့်အတွက် အညာဒေသ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများရှိလာမည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်သူများက ဆိုသည်။
“ သူ့ဒေသပေါက်ပင်တွေကို ထိန်းသိမ်းသင့်တာပေါ့၊ အညာလို ကွင်းပြင်ထီးထီးကြီးတွေမှာ ထန်းပင်တွေဆိုကလည်း သဘာဝကပေးတဲ့ အတားအဆီးတစ်ခုလို့ ပြောလို့ရတယ်။ အခုလိုသာ ဆက်လုပ်နေကြရင် အညာဒေသရဲ့ ရာသီဥတုက ပိုဆိုးသွားနိုင်တယ် “ ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူ တစ်ဦးက မှတ်ချက်ပြုသည်။
ထန်းတက်သမားရှားပါးလာခြင်းကြောင့် ဒေသထုတ်ကုန် ထန်းလျက်များ စျေးကွက်အတွင်းမှ ပျောက်ကွယ်သွားမည်ကို စိုးရိမ်သည်ဟု စစ်ကိုင်းတိုင်းအတွင်းမှ ထန်းတက်သမား တစ်ဦးက ဆိုသည်။