စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၅လုံးကျော် ပျက်စီးခဲ့ကာ၊ အသက် ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁ရက်၊ ညနေ ၄နာရီခွဲခန့်တွင် မုံရွာမြို့၌ လေပြင်းများ စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၅လုံးကျော်အပါအဝင် ပျက်စီးဆုံးရှုံးမှု ၄၀ကျော် ရှိနိုင်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမှ ဝာာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ညနေ ၄နာရီခွဲလောက်က စပြီးတိုက်တာ နာရီဝက်လောက်တော့ ကြာတယ်။ ဓာတ်တိုင်တွေလဲတယ်။ အပင်ကျိုးပြီး အိမ်တွေပေါ်ပိတာတွေ ရှိတယ်။ ဓာတ်တိုင်ကျိုးတာတွေရော အိမ်ပျက်စီးတာတွေရော စုစုပေါင်းဆို ၄၀ကျော်လောက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ပျက်စီးမှုများအနက် မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းမကြီးနှင့် ကန်သာယာလမ်းတို့တွင် ပျက်စီးမှု ပိုမိုများပြားကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် လေပြင်းတိုက်ခတ်မှုများကြောင့် မုံရွာမြို့ ထန်းတောဇီးခြံရပ်ကွက်၊ ၁၉လမ်းရှိ အသက် ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦးသည် သွပ်ပြားထိမှန်ပြီး သေဆုံးခဲ့ကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
“ မနေ့က လေပြင်းတိုက်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။ အနီးနားရပ်ကွက်က လူတွေပြောတာကတော့ လေတိုက်နေတုန်း အပြင်ကိုထွက်တော့ သွပ်ပြားထိမှန်ပြီး ဆုံးတယ်လို့လည်း ပြောတယ်။ ဖြစ်စဥ် အတိအကျ တော့မသိရဘူး။ ကျတော်တို့ရောက်တော့ မိသားစုက ကလေးကို အပြင်ထုတ်ထားပြီးသားမို့ ဆေးရုံကိုပဲ တန်းပို့လိုက်တာပါ” ဟု ကူညီပေးခဲ့သည့် ပရဟိတသမားတစ်ဦးက ပြောသည်။
ယခုလက်ရှိတွင် မုံရွာမြို့ပေါ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များပျက်စီးခဲ့သဖြင့် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်းလည်း သိရသည်။