မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း၊ ရွှေဘုံသာ ပျူစောထီးရွာကို ဒေသခံတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူပေးရသည်အထိ၊ ထိခိုက်ခဲ့ကြောင်း သိရသည်။
မေလ တစ်ရက်၊နံနက် ရှစ်နာရီခန့်တွင် ရွှေဘုံသာရွာထဲသို့ ဒရုန်းနှင့်၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက် ပြီးနောက် မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၆ တပ်ရင်း ၊တပ်ခွဲ လေး -ဖီးနစ်ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။
” စပြီး မြေပြင် ထိုးစစ်ဆင်တော့ သူတို့ရဲ့ ကင်းကုန်းနဲ့ အနီးကပ်ဆုံး ၀င်ပြီး တိုက်ခိုက်တာပါ။ ရန်သူက ကင်းကုန်းတွေ သိမ်းခံရခြေ ရှိတော့ အစကတည်းက နည်းနည်းပြန်ပစ်ပြီး ဆင်းပြေးကြတယ်” ဟု ပခုက္ကူခရိုင် အမှတ် ၁၆ တပ်ရင်း ၊တပ်ခွဲ လေး – ဖီးနစ်ပြောက်ကျားတပ်ဖွဲ့၊ တာ၀န်ခံ ရဲဘော် လျှပ်စီးက MPAသို့ ပြောသည်။
တိုက်ပွဲမှာ မိနစ် ၂၀ ကျော် ကြာခဲ့ပြီး စစ်သားနှင့် ပျူစောထီးတို့ ဆုတ်ခွာသွားသဖြင့် ကင်းကုန်းသိမ်းရန် တက်နေချိန်တွင် လေကြောင်းပစ်ကူ ရောက်လာသောကြောင့် တပ်ဆုတ်ခဲ့ရကြောင်း သိရသည်။
” ကင်းကုန်းကို ကျားထိုး တက်နေချိန်မှာ လေယာဉ်ရောက်လာတယ်။ Mi 35 တစ်စီးတည်းနဲ့ ၄၅ မိနစ် လောက် ပတ်ပစ်သွားတယ် “ ဟု ၎င်းက ပြောသည်။
Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ပေါ်မှနေ၍ ဗုံးလည်း ကြဲချကာ စက်လတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း လေကြောင်း တိုက်ခိုက်နေချိန်တွင် ရွှေဘုံသာ ပျူစောထီးရွာမှ စစ်သားနှင့် ပျူများကို ကားနှစ်စီးဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့အပြင်စစ်ကောင်စီတပ် လက်နက်ကြီး အထိုင်ချထားသော ပျမ လျှပ်စီး ဓာတ်အားပေးရုံနှင့် ဆူးပုတ်ခုံကျေးရွာတို့မှ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သေးကြောင်း သိရသည်။
” လေယာဉ်က တစ်ပြင်လုံးကို ပတ်မွှေနေတော့ ရှေ့ဆက်တက်လို့ မရတော့ဘူး။ အချိန်ကလည်း နေမြင့်လာ အပူချိန်မြင့်လာတော့ ရဲဘော်တွေအတွက် အန္တရာယ်များတဲ့အတွက် ဆုတ်ခဲ့ရတာ။ သူတို့က( စစ်ကောင်စီတပ်) တပ်ဆုတ်ဖို့ထိတောင် လုပ်ပြီးနေပြီ ” ဟု အမှတ် (၈၁၅) တပ်ဖွဲ့-PLA ( အနောက်မြောက် စစ်ဒေသ ) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မြင့်နိုင်က ပြောသည်။
သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို မသိမ်းနိုင်ခဲ့သော်လည်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများအကြားမှ ရဲဘော်များ ဘေးကင်းစွာ ဆုတ်နိုင်ခဲ့သည့်အပြင် ဒေသခံပြည်သူများကြား စစ်ရေးနိုးကြားမှု ရှိလာသည့်အတွက် တော်လှန်ရေး အင်အားစုများအတွက် အရှုံးမရှိသော တိုက်ပွဲ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကြဲစဉ် စစ်ကောင်စီတပ်၏ ဘန်ကာ တစ်ခု မီးလောင် ပျက်စီးခဲ့ကာ စစ်သားနှင့်ပျူစောထီးတို့၏ အထိအခိုက်ကိုမူ အတည်မပြုနိုင်သေးကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ လေး(ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ တပ်ခွဲ တစ်၊ တပ်ခွဲ နှစ် ၊ အမှတ် (၈၁၅ ) တပ်ဖွဲ့ – PLA ( အနောက်မြောက်စစ်ဒေသ) ၊ မဟာမိတ် တပ်ပေါင်းစု (MUGDF ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊James Bond တပ်ဖွဲ့ )၊RDF ၊ YRG၊ ပြည်သူ့တော်လှန်ရေး တပ်ဦး၊ PDO/PDA နှင့် ပေါက် ပကဖ တပ်ပေါင်းစု တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
ရွှေဘုံသာ ပျူစောထီးရွာတွင် စစ်သားနှင့်ပျူစောထီး စုစုပေါင်း ၆၀ကျော်ရှိကြောင်း သိရသည်။