ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ တောင်ပို့ကွဲ ကျေးရွာအား စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စေတီပျက်စီးခဲ့ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၃၀ရက်၊ ည ၈နာရီ ၅၅မိနစ်တွင် ထီရီးရွာရှိ စစ်ကောင်စီ အမြှောက်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ပို့ကွဲကျေးရွာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
“ အင်းလေးတောင်ဘက်ခြမ်း အရှေ့ကမ်းမှာတော့ စစ်ဆိုင်နေကြတယ်။ အခုပစ်ခံရတဲ့ တောင်ပို့ကွဲရွာက စစ်ဆိုင်တဲ့ နေရာနဲ့ မနီးမဝေးဘဲ၊ စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
၂၀၂၄ခုနှစ်၊ မတ် ၂၂ရက်ကလည်း နန်းတုန်ကျေးရွာသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် နေ့စဉ်နီးပါး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နန်းတုတ်၊ ကုန်းသာ၊ အိမ်မှု၊ တောင်ပို့ကွဲ၊ မြောက်၊ ဟိုပန်ရှေ့၊ နောက်၊ ညောင်ပေးပင်နှင့် ရေပူရွာများမှ ပြည်သူ ၃၀၀၀ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်မှာ ယနေ့အထိဖြစ်ကြောင်း တောင်ပို့ကွဲရွာမှ ဒေသခံတစ်ဦးကပြောသည်။
“ တစ်လကျော်နေပြီ၊ တချို့စစ်ရှောင်တွေက အခြားရွာခံ ဆွေမျိုးတွေရှိတော့ စားသောက်ရတာ အဆင်ပြေတယ်။ တချို့ကတော့ အစားအသောက်ရော၊ ကျန်းမာရေးရော အခက်အခဲရှိတယ် “ ဟု ၎င်းကပြောသည်။
လက်ရှိတွင် အင်းလေးဒေသအတွင်း စစ်ဘေးရှောင်နေရသည့် ပြည်သူများကို အင်းလေးအမျိုးသမီး သမဂ္ဂမှ ကျန်းမာရေးစောင့်ရှောက်ပေခြင်း၊ အဝတ်အစားနှင့် အစားအသောက်များ ထောက်ပံ့ပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တစ်လကို ဘယ်နှစ်ကြိမ်လို့ရယ်မဟုတ်ဘူး။ စစ်ရှောင်ရှိရင် ရှိသလို ပိုပြီး အခက်အခဲဖြစ်နိုင်တဲ့နေရာတွေကို သွားပြီးတော့ သက်ကြီးရွယ်အို၊ ဖျားနာသူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးတယ်။ လိုအပ်တဲ့ စားစရာ ရိက္ခာခြောက်နဲ့ အဝတ်အစားတွေကို တတ်နိုင်သလောက်ကူညီပေးခဲ့တယ်” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၎င်း၏ လက်အောက်ခံ စစ်တပ်သည် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်ခွဲခြားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုပစ်ခတ်ခြင်းများကြောင့် ဘုန်းကြီးကျောင်းနှင့် ဘုရားစေတီများ ပျက်စီးမှုရှိခဲ့သော်လည်း၊ ယင်းတို့အား ထောက်ခံသူများသည် အဆိုပါဖြစ်ရက်များကို မျက်ကွယ်ပြုပြီး တော်လှန်ရေးတပ်ဖွဲ့များက ဘုရားစေတီများကို ဖျက်ဆီးသည်ဟုဆိုကာ မကြာခဏ ဆန္ဒပြမှုများပြုလုပ်လေ့ရှိသည်။