ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို အလည်အပတ် သွားရောက်မည့်သူများအနေဖြင့် စစ်ကောင်စီ၏ UID (Unique Identity Number) လက်မှတ်ပါမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်ရတော့မည်ဖြစ်သည့်အတွက် မြဝတီလဝကရုံးတွင် လက်မှတ်လာရောက်လျှောက်ထားသူ အလွန်များပြားလျက်ရှိကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။
စစ်ကောင်စီက အဆိုပါ UID (Unique Identity Number) လက်မှတ်ပါမှ ယာယီနယ်စပ်ဖြတ်သန်းခွင့်ပြုမည့်ကိစ္စရပ်ကို ယခု မေလ ၁ ရက်နေ့မှစတင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
“ ကျတော်သွားမေးတာတော့ စာရွက်မပါရင် ပေးမဝင်ဘူးပြောတယ်။ ရုံးမှာ စာရွက်သွားလုပ်တော့ စာရွက်တင်ပြီး နောက်အပတ်ပြန်လာခိုင်းတယ်။ စာရွက်က အပေါက်ဝမှာတင် ပေးခဲ့ရတာ ကောင်တာခုံချထားတယ်” ဟု မြဝတီမြို့နေ ဒေသခံတစ်ဦးက MPA ကိုပြောသည်။
ယာယီနယ်စပ်ဖြတ်သန်းခွင့် (UID) လက်မှတ်အား မြန်မာနိုင်ငံသားမှတ်ပုံတင် အစစ်အမှန်ကိုင်ဆောင်ထားသည့်မည်သူမဆို မြဝတီမြို့၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ပြုလုပ်နိုင်ကြောင်းလည်း သိရသည်။
“ ဘယ်မြို့နယ်ရဲ့မှတ်ပုံတင်မဆို မှတ်ပုံတင်အမှန်ဖြစ်ရင် မြဝတီလဝက ရုံးမှာလုပ်လို့ရပါတယ်။ လိုအပ်တာကတော့မှတ်ပုံတင်အရောင်မိတ္တူတစ်ရွက်၊ သူတို့ပေးတဲ့ ဖောင်စာရွက်တစ်စောင်မှာ ဖောင်ဖြည့်ပီးရင် လဝကရုံးရဲ့ နှစ်ထပ်မှာ လုပ်လို့ရပါတယ်။ ပိုက်ဆံမပေးရပါ။ ရုံးမှာကတော့ဖောင်ယူဖို့အတွက် ကြာမယ်။ လူများလို့ ” ဟု ၎င်းက ရှင်းပြသည်။
ယခင်က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို အလည်အပတ်သွားမည့်သူများအနေဖြင့် ၆ ညအိပ်၊ ၇ ရက် တံတားဖြတ်ကျော်ခွင့် တုံးထုပေးသည့် လက်မှတ်ကို နိုင်ငံသားမှတ်ပုံတင်ပြကာ ပြုလုပ်၍ရခဲ့သော်လည်း စစ်ကောင်စီ၏ ယခုလို သတ်မှတ်ချက်အသစ်ကြောင့် လတ်တလောနယ်စပ်ဖြတ်ကျော်မည့်သူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်။
“ ကျနော်က အောက်မှာလုပ်ခဲ့တာ။ ခရီးသွားရင်ကို ဂိတ်တွေမှာ စစ်တယ်။ မပါရင် ပိုက်ဆံတောင်းတယ်။ အခုတံတားမှာလဲ အဲ့စာရွက်ပါမှ ပေးကူးတော့မယ်ထင်တယ်။ မြဝတီရုံးမှာ လူအတော်များတယ်။ ခုဏက မြို့ထဲရောက်လို့ တွေ့ခဲ့တယ်။ မဖြစ်မနေလုပ်နေကြရတာပါပဲ။ သွားရလာရအဆင်ပြေအောင်” ဟု မြဝတီမြို့သို့ ကူးသန်းသွားလာနေသည့် ပြည်သူတစ်ဦးကဆိုသည်။
အဆိုပါ UID စာရွက်ပါမှ နယ်စပ်ဖြတ်သန်းခွင့်သတ်မှတ်လိုက်ခြင်းသည် နယ်စပ် အဝင်/အထွက်များတွင် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားအတုနှင့် အသုံးမပြုတော့သည့် ကတ်ပြားများကို အသုံးပြုသွားလာမှုများအား ထိန်းချုပ်ရန်နှင့် အဝင်/ အထွက် လူဦးရေစာရင်း အတိအကျရရှိစေရန်အတွက်ဖြစ်သည်ဟု စစ်ကောင်စီက အကြောင်းပြပြောဆိုထားသည်။
ပြီးခဲ့သည့် ဧပြီ ၅ ရက်တွင် UID (Unique Identity Number) လက်မှတ်ပါမှ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)၊ တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP) များ ထုတ်ပေးပြီး နယ်စပ်ဖြတ်ကျော်ခွင့်ပေးမည့် အကြောင်းကို စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာ၌ အသိပေးဖော်ပြထားသည်။