စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ရုတ်တရက်လေပြင်း တိုက်ခတ်ပြီး မိုးသီးများကြွေကျ လာခြင်းကြောင့် ကျေးရွာငါးရွာရှိနေအိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့်စေတီပုထိုးတို့ ပျက်စီးခဲ့ကြောင်းသိရသည်။
မေလ တစ် ရက်၊ ည ၁၁ နာရီဝန်းကျင်တွင် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ တည်တော၊သရက်ကန်၊ကိုင်းကံ၊မအုံးနှင့် မြင်းတန်းကျေးရွာရှိ နေအိမ်များမှာ လေပြင်းတိုက်ခတ်သဖြင့် သွပ်အမိုးလန်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ကိုင်းကံကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး ထံကသိရသည်။
“လတ်တလောကတော့ နေအိမ်ပျက်စီးမှု အတိအကျရဖို့က စုံစမ်းနေတုန်းပဲဗျ။လေတိုက်သွားတာက ဒီပဲယင်းအရှေ့တောင်ခြမ်းက သရက်ကန်က အိမ်ခြေ ၁၀၀ကျော်ပျက်စီးတယ်။ကိုင်းကံရွာကတော့ တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးမှုရှိပါတယ်။ပြည်သူ ထိခိုက်တော့ မကြားမိဘူးဗျ” ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးမှ တာဝန်ရှိသူ တစ်ဦးက MPAသို့ ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကိုင်းကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအဆောင် ပျက်စီးခဲ့သလို ဘုရားထီးတော်လည်း မြေခခဲ့ကြောင်း သိရသည်။
“ဓာတ်တိုင်တွေလည်းကျိုးတယ်။ဖုန်းလိုင်းတွေလည်း ပြတ်နေတယ်။ညီမတောင် MPT လိုင်းမိနေလို့ သုံးလို့ရတာ။လေပြင်းတိုက်တဲ့ရွာကို ထမင်းပို့သွားတော့ အဲ့မှာလည်း လိုင်းမမိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
လေပြင်းသင့်ကျေးရွာများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရှောင်ကူညီရေးအဖွဲ့များက ကူညီပေးလျက်ရှိကြောင်း MPA က စုံစမ်းသိရသည်။