စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် စစ်ရှောင်တဲနှင့် နေအိမ် ၃၀ခန့် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၁ရက်၊ ညနေ ၄နာရီ ၁၃မိနစ်ခန့်ကစ၍ နာရီဝက်ကြာ လေပြင်းတိုက်ခတ်ခဲ့ပြီး စစ်ရှောင်တဲ ၈လုံးနှင့် နေအိမ် အလုံး ၂၀ခန့် ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ညနေပိုင်း စစ်ရှောင်တွေကို ထမင်းကျွေးဖို့ ပြင်နေရင်း ရုတ်တရက်လေတွေတိုက်လာတာ၊ တိုက်ပြီး ၅မိနစ်လောက်နေတော့ မိုးပါ ပါလာတယ်။ စစ်ရှောင်တဲတွေက နဂိုထဲက ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတာမျိုးမဟုတ်တော့ မိုးကာတွေလန်၊ ဘေးအကာတွေ ကျွတ်ထွက်သွားတာဗျ” ဟု တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ထို့ပြင် သစ်ပင်များပြိုလဲခြင်း၊ ဓာတ်တိုင်ကျိုးခြင်းများ ရှိခဲ့ပြီး ယင်းအပျက်အစီးများကို ညနေပိုင်း၌ ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
“ သစ်ပင်ကြီးတွေလဲပေမဲ့ ကံကောင်းစွာနဲ့ အိမ်တွေပေါ်လဲတာမျိုးတော့ မဟုတ်ခဲ့ဘူး။ လဲခါစက လမ်းတွေပိတ်ပြီးသွားရခက်လို့ သစ်ပင်တွေကိုတော့ ရှင်းပြီးပါပြီ၊ ဓာတ်တိုင်တွေကျ EPC ကပဲ လာပြင်မလားမပြောတတ်ဘူး။ ဒီတိုင်းက မီးလွှတ်ရင် ဓာတ်လိုက်နိုင်လို့ ကျတော်တို့လည်း မထိရဲဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် မိုးရာသီကို ရောက်လာတော့မည်ဖြစ်သဖြင့် စစ်ရှောင်ပြည်သူများအတွက် ခိုင်ခန့်သော တဲများ၊ မိုးကာများ လိုအပ်နေကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဓိကကတော့ အမိုးအကာပြန်လိုအပ်နေတာပေါ့၊ မိုးရာသီရောက်ရင် ဒီတိုင်းဆို မလွယ်ဘူး။ မိုးဒဏ်လေဒဏ်ကို ခံနိုင်တဲ့ တဲမျိုးတွေ ပြန်ဆောက်ရမဲ့ အခြေအနေဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။
မေလ ၂ရက်နေ့မှစ၍ နောက် ၄ ရက်အတွင်း နိုင်ငံ၏ အထက်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာနိုင်ပြီး နေရာကွက်၍မိုးများနိုင်သည့် အခြေအနေများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။