ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ စာရေးဆရာ လင်းညှို့သွေး(ခ)ကိုကျော်သူလွင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းအားခံခဲ့ရပြီး တစ်ပတ်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်ပြတ်နေကြောင်းစုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၅ ရက်၊ ညပိုင်းက စာရေးဆရာကိုလင်းညှို့သွေး၏ နေအိမ်ဖြစ်သည့် ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရပ်ကွက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ရောက်ရှိလာပြီး ကိုလင်းညှို့သွေးအား ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးကဆိုသည်။
“အခုထိ အဆက်သွယ်မရကြသေးဘူး။ ဘယ်ခေါ်သွားမှန်းလည်းမသိဘူး။ စုံတော့ စုံစမ်းနေကြတာပဲ၊ ဘာကြောင့်အဖမ်းခံရတာလည်းမသိဘူး” ဟု ၎င်းက MPA ကိုပြောသည်။
ကိုလင်းညှို့သွေးသည် ယခင်က စစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင့်သူများတွင်ပါဝင်ပြီးထွက်ပြေးတိမ်းရှောင်နေရာမှ ကျန်းမာရေးမကောင်းသဖြင့် နေအိမ်သို့ပြန်လည်ရောက်ရှိနေခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
“ကျန်းမာရေးက အစတည်းက မကောင်းတာ အာရုံကြောလည်းမကောင်းဘူး။ ပြီးတော့ဆေးလည်းပုံမှန်စွဲသောက်နေရတာ၊ အခု ဖမ်းဆီးရိုက်နှက်ဒဏ်ရာနဲ့ ဆေးပြတ်သွားတဲ့အခြေအနေနဲ့ဆို ကျန်းမာရေးအတွက်စိုးရိမ်ရတယ်“ ဟု ၎င်းကဆိုသည်။
စစ်ကောင်စီသည် လက်နက်မဲ့ နိုင်ငံရေးသမားများအား အင်အားသုံး၍ ဂုဏ်သိက္ခာမဲ့စွာဖမ်းဆီးပြီး မိသားစုနှင့်အဆက်သွက်ဖြတ်တောက် စစ်ကြောရေးလုပ်ဆောင်မှုများအား ပြင်းထန်စွာရှုတ်ချကြောင်း ကြို့ပင်ကောက်မြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးကပြောသည်။
“နိုင်ငံသားတွေကို နိုင်ငံရေး စိတ်မဝင်စားတော့ဘဲ အကြောက်တရားရသွားအောင် တမင် စိတ်ဓာတ်ရေးရာ တိုက်ခိုက်တာ၊ နိုင်ငံသားတွေ နိုင်ငံရေးနဲ့ဝေးဝေးနေအောင်လုပ်ဆောင်တာတွေက အာဏာရှင်တွေရဲ့ယုတ်မာတဲ့အကျင့်စရိုက်တွေပဲ” ဟု ၎င်းက မှတ်ချက်ပြုပြောဆိုသည်။
သာယာဝတီခရိုင်အတွင်းရှိ ကြို့ပင်ကောက်မြို့နယ်အပါအဝင် အခြားမြို့နယ်များတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူ ၂၀ ဦးထက်မနည်း ရှိနေပြီဖြစ်သည်။