ပဲခူးတိုင်း၊ ဖြူးမြိုနယ်၊ ကညွတ်ကွင်းနှင့် ညောင်ပင်သာကြားရှိ ကားလမ်းတံတားနှင့် ရန်ကုန် – မန္တလေး မီးရထားလမ်းကို တော်လှန်ရေးတပ်များက မိုင်းထောင် ဖောက်ခွဲခဲ့ကြောင်းသိရသည်။
မေလ တစ် ရက်၊ နံနက်စောစောပိုင်းတွင် ဖြူးမြို့နယ်၊ ကညွတ်ကွင်းနှင့် ညောင်ပင်သာကြားရှိ ရန်ကုန် – မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၈ ရှိ အရှည် ပေ ၇၀ ၊အကျယ် ၆၄ပေ ရှိ ငနုသန်းသံကူကွန်ကရစ်တံတားနှင့် ကညွတ်ကွင်းဘူတာနှင့် ညောင်ပင်သာ ဘူတာကြား မိုင်တိုင် ၁၂၅/၁-၄ ရှိ ရန်ကုန်− မန္တလေး မီးရထားလမ်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“အဲ့ဒီည(မေလတစ်ရက် နံနက်စောစော)က ရန်ကုန်-မန္တလေးလမ်းဟောင်းကြီးပေါ်က ငနုသန်းတံတားနဲ့ကားလမ်းကို ချိုးတယ်။ဆိုင်ကယ်တော့ မောင်းလို့ရသေးတယ်။ကားတော့ မရတော့ဘူး။ဒီနေ့(မေတစ်ရက်) မနက်တော့ ပြင်ဖို့လုပ်နေကြတယ်။စစ်တပ်ယာဥ်တန်းတွေက အမြန်လမ်းကနေ ပတ်မောင်းနေတယ်”ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက MPAသို့ပြောသည်။
မေလတစ်ရက်၊ နံနက် ငါး နာရီကျော်တွင် မိုင်းခွဲထားသည့် ရန်ကုန်-မန္တလေး မီးရထားလမ်းနေရာ တွင် ကုန်ရထားတစ်စီး ခေါင်းတွဲချော်ပြီး နောက်တွဲလေးတွဲ တိမ်းမှောက်သွားကြောင်း သိရသည်။
“ဘီးချော်တာ မဖြစ်နိုင်ဘူးဗျ။သံလမ်းတွေလည်း တော်တော်ပျက်စီးသွားလို့ကို ခုလိုထိဖြစ်တာ။တချို့နေရာတွေကိုက မိုင်းခွဲစရာတောင် မလိုဘူး။သံလမ်း မူလီ ဂျွိုင်းဆက်တွေကို မူလီဖြုတ်ထားလိုက်ရင်ကို အဲ့ဒီရထားက ချော်မှာပဲ”ဟု အမည်မဖော်လိုသည့် မီးရထားCDM ဝန်ထမ်း တစ်ဦးကပြောသည်။
ယနေ့ (မေလ၂ရက်)နံနက်ပိုင်းတွင် ရထားတွဲများကို ကရိန်းဖြင့် ပြန်လည်သယ်ယူရန် လုပ်ဆောင်နေပြီး ရထားခရီးစဥ်များကိုလည်း ဖျက်သိမ်းထားကြောင်းသိရသည်။
ယခု မိုင်းခွဲမှုများကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းဘူတာနှင့်ပိန်းဇလုပ်ဘူတာကြားရှိ မန္တလေး-ရန်ကုန် မီးရထားလမ်း မိုင်တိုင် ၁၀၃/၁၂နှင့်၁၀၃/၁၃ တို့၌ မိုင်းခွဲခဲ့ခြင်းကြောင့် ရထားသံလမ်းများ ပျက်စီးခဲ့သေးသည်။