စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာ စစ်ကောင်စီကင်းစခန်းကို ဒေသခံ PDFများက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ငါးဦး သေဆုံးကြောင်းသိရသည်။
မေလ တစ်ရက်၊ နံနက် သုံးနာရီကျော်တွင် ရွှေဘိုမြို့နယ် သီးလုံးပျူစောထီးကျေးရွာရှိ အထိုင်ကင်းစခန်း နှစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ကြာဖြစ်ပွားခဲ့ပြီး အနီးရှိ ပျူစောထီးကျေးရွာများမှ စစ်ကူများ လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်သည်။
” ရွာကကြီးတယ်။ ရွာမကြီး၊ တောင်ရွာ၊ အနောက်ရွာဆိုပြီး သုံးပိုင်းရှိတယ်။ ကင်းက စုစုပေါင်း ခြောက်ကင်းရှိတယ်။ ကင်း နှစ်ခုကို ကိုကြီး(ဗိုလ်မိကျောင်း)တို့က ဝင်စီးတာပေါ့” ဟု Shwebo Crocodile အဖွဲ့တာဝန်ခံ ဗိုလ်မိကျောင်းက MPA သို့ ပြောသည်။
သီးလုံးရွာတွင် စစ်သားနှင့် ပျူစောထီးတို့ အထိုင်ချတပ်စွဲထားပြီး PDFတို့ ဝင်တိုက်သည့် ကင်းစခန်း နှစ်ခုတွင် စစ်သားနှင့်ပျူစောထီး စုစုပေါင်း ၂၀ခန့်ရှိကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်နေစဉ်အတွင်း သီးလုံးပျူစောထီးကျေးရွာနှင့် တစ်မိုင်ပတ်လည်ခန့်ရှိ ပန်းရံ၊ ဇီးကုန်းနှင့် ဇီးဖြူကုန်းပျူစောထီးကျေးရွာတို့မှ စစ်ကူများလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ရွှေဘိုမြို့နယ်ပလဖ ဒုတာဝန်ခံကပြောသည်။
“ စီမံထားတာကတော့ စခန်းသိမ်းဖို့အထိ စီစဉ်ထားတာပေါ့။ ကျည်အခက်အခဲလည်းရှိသလို သေနတ်တွေကလည်း ကျည်ညှပ်တဲ့ အနေအထားဆိုတော့ ချေမှုန်းရေးရဲဘော်တွေ ထိခိုက်မှာစိုးလို့ မစ်ရှင်ကို ရပ်နားပစ်လိုက်ရတာ” ဟု၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်အုပ်စုဝင် ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ပန်းရံပျူစောထီးကျေးရွာရှိ ဆေးခန်း၌ ဆေးကုသနေစဉ် ငါးဦးသေဆုံးသွားကြောင်း ဗိုလ်မိကျောင်းကပြောသည်။
၂၀၂၄ခုနှစ်၊ဇန်ဝါရီ ၂၁ရက်ကလည်း ရွှေဘိုမြို့နယ်၊ သီးလုံးပျူစောထီးကျေးရွာကို ဒေသခံPDFတပ်ဖွဲ့ များက ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့သော်လည်း ရွှေဘိုမြို့ပေါ်မှ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် အထိုင်မချနိုင်ဘဲ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းသိရသည်။
ယခုတိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊တိုက်နယ် နှစ် ဗိုလ်သူရိန် ပကဖ၊ ဒေါင်းစစ်သည်အဖွဲ့ ၊ SBFA- shwebo Federal Army၊ EYE Force EYE ၊ HG FIGHTRS (LPDF) ၊ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊စွန်ရဲရွှေဘို ဒေသခံကာကွယ်ရေးအဖွဲ့ ၊ မဟူရာရွှေဘိုသား အဖွဲ့ ၊ ရွှေဘိုအားမာန် ၊ မဟာမိတ်ဖြစ်သော ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဇာမဏီဒေါင်း(ဒပယ) တိုက်နယ် နှစ် တပ်ပေါင်းစုအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်အုပ်စုဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။