စဥ့်ကူးမြို့နယ်၊ ရွာသာရွာတွင်ကင်းထောက်နေသော စစ်သား ၃ ဦးတိုက်ခိုက်ခံရပြီး သေဆုံး သွားကြောင်း Eagle Guerilla Force ထံကသိရသည်။
ရွာသာရွာတွင် အင်အား၅၀ခန့်ရှိ စစ်ကောင်စီတပ် စခန်းချထားပြီး မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်၌ Eagle Guerilla Force ရဲဘော်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့်ပါပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“သူတို့က ကျနော်တို့ကို အရင် စစ်မြှူတဲ့ပုံစံ နဲ့နေ့လယ်က လက်နက်ကြီးနဲ့ ၄လုံးပစ်တယ်။ လေယာဥ်ပစ်ကူခေါ်ထားတယ်လို့ပါ ဖရဲသီးသတင်းကနေ ကြားတယ်။ ကျနော်တို့ က သတင်းရတော့ ချက်ချင်းပြန်မပစ်ဘဲနေလိုက်တယ်။ ညနေမှ သူတို့မထင်တဲ့အချိန် လက်နက်ကြီးနဲ့ ၉ လုံးပြန်ပစ်တာ။ ဒရုန်းနဲ့လည်းဗုံးချတယ်။ ၃ယောက်က နေရာမှာပဲလဲသွားတာ။ သေတဲ့အထဲမှာ ရာထူးကြီးတဲ့သူမပါဘူး”ဟု Eagle Guerilla Force တပ်ရင်းမှူး ရဲဘော်ကောက်ရိုး ကပြောသည်။
မတ်လ ၇ ရက်နေ့ကလည်း ရွာသာရွာ စစ်တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုများကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုများကို ရွှေဘိုခရိုင် အမှတ်-၁၅တပ်ရင်း၊တပ်ခွဲ(၁)Eagle Guerilla Force နှင့် ကျေးလက်ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။