စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး စစ်သား ၃ ဦးသေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း GZ Special Task Force-Wetlet ကထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁နာရီခွဲခန့်တွင် ဝက်လက်မြို့နယ်၊လှတောကျေးရွာရှိ စစ်ကောင်စီစခန်းမှ ထွက်လာသော အင်အား ၁၀၀ ဝန်းကျင်ပါသည့် စစ်ကြောင်းကို မူးကြီးရွာ အနီး၌ GZ Special Task Force-Wetlet(ဘွားကြီးတပ်ခွဲ)က မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ရွှေဘိုက နေ လှတောရွာမှာရှိတဲ့ အထိုင်စခန်းကို အင်အားလာဖြည့်တယ်။ လှတောက အထိုင်စခန်းမှာက စစ်သား ၃၀ လောက်ရှိတယ်။ ပြီးတော့ လှတောကနေ မူးကြီးဘက်ကိုအသွား လမ်းမှာ ရှေ့ပွိုင့် ၁၀ ယောက်လောက်က ကျနော်တို့မိုင်းကွင်းအရောက်မှာမိုင်း ၃ လုံးဆွဲလိုက်တာ။ လဲကျသွားတာတွေ ကျနော်တို့ မြင်ရတယ်။ပြီးတော့ လက်နက်ကြီး နဲ့ ၃ ချက်ပစ်တယ်။ စက်ကလေးနဲ့လည်း ရမ်းပစ်တယ်။ ပြီးတော့ မူးကြီးရွာထဲ ပြန်ဝင်ပြီး ဝက်လက်မြို့ထဲ ပြန်ဝင်သွားတယ်။ ကျနော်တို့ဖရဲသီး သတင်းအရ စစ်သား ၃ ယောက် သေတယ်လို့ သိရတယ်”ဟု GZ Special Task Force-Watlet တာဝန်ခံ ရဲဘော်ဂျီဇာတ် ကပြောသည်။
မိုင်းဆွဲခံရသည့်တပ်သည် ဝက်လက်မြို့သို့ ပြန်လည်ထွက်ခွာသွားပြီးနောက်မွန်းလွဲ ၁ နာရီခန့်တွင် ဘိုတဲကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်၍ စစ်ကြောင်းထိုး ပြန်လည်ဝင်ရောက်လာကြောင်းသိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေေသာ စစ်တပ်ကို GZ Special Task Force-Wetletက လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား ၅ ဦးသေဆုံးခဲ့သေးသည်။