တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် တပ်ချင်းချိန်းသည့် စစ်ကောင်စီ စစ်ကြောင်းကို တစ်နေ့တည်း နှစ်ကြိမ် ဖြတ်တိုက်ခဲ့ရာ စစ်သား ခုနှစ်ဦးသေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် (BHA) ကသတင်း ထုတ်ပြန်သည်။
မေ နှစ်ရက်၊ နံနက် ငါးနာရီခွဲခန့်တွင် ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာ၊ ဘုရားမဲ စစ်ဆေးရေးဂိတ်မှ ဇဟာအမြောက်တပ်ကို လာသည့် အင်အား ၆၀ခန့်ပါ စစ်ကြောင်းကို မောင်မယ်ရှောင်ကျေးရွာအနီးတွင် ဗထူးတပ်မတော် (BHA)က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် စစ်သား ခုနှစ်ဦး၏ အလောင်းများကို ဘုရားမဲစစ်ဆေး ရေးဂိတ်သို့ ပြန်လည်သယ်ဆောင်သွားကြောင်းသိရသည်။
“တပ်ချင်းချိန်းတဲ့ စစ်ကြောင်းကို နှစ်ကြိမ်တိုက်ခိုက်တာမှာ ပထမအကြိမ်က ခုနှစ် ယောက်သေတယ်။ဒုတိယ တိုက်ခိုက်မှု ထိခိုက်သေဆုံး မသိရဘူး” ဟု BHA ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော်ထက်မြက်က MPA သို့ပြောသည်။
ထို့အပြင် နံနက် ၁၀ ဝန်းကျင်တွင်လည်း ဘုရားမဲ စစ်ဆေးရေးဂိတ်မှ ပြန်လည်ထွက်လာသည့် ယင်းစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ကျနော်တို့က သတင်းရလို့ ကြိုစောင့်ပြီးတိုက်တာ။နံနက် ၁၀ နာရီမှာလည်း ဒုတိယအကြိမ် တိုက်ခိုက်တယ်။ အဲ့ဒီစစ်ကြောင်းပဲ ပြန်ထွက်လာချိန် ထပ်ပြီးတိုက်တာပါ။လက်နက်တွေတော့ မရလိုက်ပါဘူး” ဟု၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ဒရုန်းဖြင့် ဗုံး၅လုံးကြဲချကာ မြေပြင်၌လည်း ၄၀ မမ အပြင် လက်နက်ငယ်များ ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများအတွင်း ဘုရားမဲစစ်ဆေးရေးဂိတ်နှင့်ဇဟာအမြောက်တပ်တို့မှ လက်နက်ကြီး ပစ်ကူ ပေးခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ထိခိုက် သေဆုံးမှုမရှိကြောင်းသိရသည်။
ယင်းတိုက်ပွဲများမှာ မောင်မယ်ရှောင်ရွာ လူနေအိမ်များအနီးတွင် ဖြစ်ပွားခြင်းမဟုတ်ဘဲ အိမ်ခြေ ပြတ်သည့် ရွာအပိုင်နေရာ၌ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်ခြေပြတ်တဲ့လမ်းပိုင်းပေါ့။ မောင်မယ်ရှောင်ရွာအပိုင်ပဲ။ သီးသန့်နေရာလိုဖြစ်နေတယ်။အဲ့နားက နည်းပညာတက္ကသိုလ်မှာလည်းတပ်စွဲထားတယ်။အဲဒီမှာ ဘုရားမဲစစ်ဆေးရေးဂိတ်လုပ်ထားတယ် ။အဲဒါကိုလာ၊ လာပစ်ကြတာ။ရွာရဲ့ သုံးပုံနှစ်ပုံကတော့ မနေရဲတာနဲ့ ထိုင်းကိုသွားကြတာ များပါတယ်” ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။
အထိနာသွားသည့် ယင်းစစ်ကြောင်းသည် မောင်မယ်ရှောင်ကျေးရွာရှိ ဒေသခံ အမျိုးသား၊အမျိုးသမီး ၄၀ ခန့်ကို ဇဟာအမြောက်တပ်သို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး မေနှစ်ရက်၊ ညနေပိုင်း၌ ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။