စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း ကျေးရွာအချို့တွင် ရုတ်တရက် မိုးသီးများကြွေကျခဲ့ကြောင်းသိရသည်။
မေလ သုံးရက်၊ ညနေ ခြောက်နာရီခန့်တွင် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ရေကြည်ပင်၊သဲတောကြီး၊ရွှေပန်းခိုင်၊မြက်ရိတ်ရွာအပါအဝင် အရှေ့ခြမ်းကျေးရွာအချို့၌ မိုးသီးများ ရုတ်တရက်ကြွေကျလာခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ကျနော်တို့ဆို လမ်းသွားရင်းနဲ့ကို အပြေးအလွှားပြန်ခဲ့ရတာ။တချို့ မိုးသီးတွေဆို မုန့်လုံးရေပေါ်လုံးလောက်မကဘူး။ အခုလိုမိုးသီးကြွေကျတာ ကောင်းတဲ့ နိမိတ်လက္ခဏာ၊ ကောင်းခြင်းလက္ခဏာလို့ပဲပြောရမယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
မေ တစ် ရက်နှင့် နှစ် ရက်နေ့တွင်လည်း ယင်းမာပင်မြို့နယ်အတွင်းရှိကျေးရွာအချို့၌ ရုတ်တရက် မိုးသက်လေပြင်းကျရောက်ကာ နေအိမ်များပျက်စီးပြီး လျှပ်စစ်မီးများလည်း ယနေ့(မေ လေးရက်) အထိ ပြတ်တောက်နေကြောင်းသိရသည်။
“တနေကုန် နေပူပြီး မိုးသီးက ဝုန်းဆို ရုတ်တရက်ကြွေကျလာတာ။အခြားရွာတွေမှာတော့ မိုးသီးကြွေလား၊ မကြွေလားမသိဘူး။ညီမတို့ရွာမှာတော့ မိနစ် ၂၀ လောက်ရွာပြီး ပြန်တိတ်သွားတာ။ ခဏတော့ ပြန်တိတ်သွားပြီး ညရောက်တော့ မိုးက ထပ်ရွာပြန်တယ်” ဟု ယင်းမာပင်မြို့နယ် အခြေစိုက် စစ်ဘေးရှောင် ကူညီနေသူတစ်ဦး ကပြောသည်။
၂၀၂၂ ခုနှစ် မေလအတွင်းကလည်း ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မိုးသီးများကြွေကျခဲ့ဖူးကြောင်းသိရသည်။