ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား မောင်ရဲရင့်ကို(ခ)ရဲရဲဆိုသူအား အကျဉ်းသား ပြူးကြီးဆိုသူက မုဒိမ်းမှုကျူးလွန်ရန် ကြိုစားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကထုတ်ပြန်ထားသည်။
အဆိုပါ LGBT နိုင်ငံရေးအကျဉ်းသားသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊ ပုဒ်မ ၅၁(ဂ)၊ ပုဒ်မ၅၄၊ ပုဒ်မ၁၇(၁)အပြင် အခြားလက်နက်ပုဒ်မများဖြင့်အင်းစိန်အကျဉ်းမှ ထောင်ဒဏ်(၉၆)နှစ် အမိန့်ချမှတ်ခြင်းခံထားရပြီးနောက် သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွေ့ခြင်း ခံခဲ့ရကာ ကကြီးတိုက်တွင် တစ်ဦးတည်းသီးသန့် နေထိုင်ရသူ ဖြစ်ကြောင်း PPNMက ၂၀၂၄ခုနှစ်၊ မေ ၄ရက်တွင် ထုတ်ပြန်ထားသည်။
“ဖြစ်စဉ်ကတော့ ၂၀၂၄ ဖေဖော်ဝါရီ ပထမပတ်ထဲမှာ ဖြစ်တာလို့သိထားရတယ်။ အဲ့ဒါမျိုးကျူးလွန်ဖို့ ကြိုးစားတဲ့အခါ LGBT နိုင်ငံရေးအကျဉ်းသားက လက်မခံတော့ ခေါင်းကို ကျောက်စရစ်ခဲနဲ့ထုတယ်။ အဲဒီမှာ ခေါင်းကွဲသွားပြီး ထောင်ဆေးရုံမှာ ချုပ်ရတယ်”ဟု PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ထိုသို့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းအား လက်မခံဘဲ ဆန့်ကျင့်သည့် မောင်ရဲရင့်ကို(ခ)ရဲရဲဆိုသူအား PPNM အဖွဲ့မှ လေးစားဂုဏ်ယူကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ပြောသည်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ LGBTQ+အကျဉ်းသားတွေအပေါ်မှာ ဦးတည်ချက်ထားပြီး လိင်ပိုင်ဆိုင်ရာအမြတ်ထုတ် စော်ကားမှုတွေကတော့ လစဉ်နီးပါ ကြားနေရတယ်။ အဲ့ဒါတွေက လုံးဝလက်ခံနိုင်စရာမရှိတဲ့ကိစ္စရပ်တွေပဲ၊ ဒီလိုမျိုး ဖြစ်စဉ်တွေနောက်ထပ်မဖြစ်အောင် ထောင်အာဏာပိုင်တွေက LGBTQ+ အပေါ် လိင်ပိုင်ဆိုင်ရာ အမြတ်ထုတ်စော်ကားဖို့ ကြိုးစားတဲ့ အခြားပစ်မှုအကျဉ်းသားတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူမှုတွေလိုအပ်တယ်။ ဒီလိုမျိုး အရေးယူမှုမလုပ်ဘူးဆိုရင် LGBTQ + တွေအပေါ်မှာ အခြားရာဇဝတ်အကျဉ်းသားတွေက အဓ္မမှုတွေ မုဒိမ်းမှုတွေ ကျူးလွန်ဖို့ အားပေးရာ ပိုရောက်တယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ထို့ပြင် သာယာဝတီထောင်မှ ရာဇဝတ်အကျဉ်းသား ပြူးကြီး ဆိုသူသည် အခြား LGBTQ+ တွေအပေါ်လည်း လိင်ပိုင်ဆိုင်ရာ အမြတ်ထုတ်စော်ကားမှုများရှိပြီး နိုင်ငံရေး အကျဉ်းသားများကို ဖိနှိပ်ရန် ထောင်အာဏာပိုင်များက လက်သပ်မွေးထားသူ တစ်ဦးဖြစ်ကြောင်း သာယာဝတီ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားတစ်ဦးက ပြောသည်။
“LGBTအမျိုးသား အကျဉ်းသားတွေကို ပြူးကြီးက ဟိုကိုင်ဒီကိုင်တွေလုပ်တာတွေ၊ ပါးစပ်က စည်းမရှိကမ်းမရှိပြောတာတွေလုပ်တယ်။ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို ပုံစံ မောင်းတာလည်း သူပဲလုပ်တာ၊ ပုံမကျရင်ရိုက်ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရှိတယ်။ ထောင်ဝန်ထမ်းတွေက သူ့အရေးပေးထားတော့ သူနဲ့ပြဿနာဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေပဲ ပြစ်ဒဏ်ပေးခံရတာ၊ သူအရေးယူခံရတာ မရှိသလောက်ဘဲ ” ဟု ထိုနိုင်ငံရေး အကျဉ်းသားက ပြောသည်။
ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရသည့် မောင်ရဲရင့်ကို(ခ)ရဲရဲသည် အသက် ၂၄နှစ်သာရှိပြီး လက်ရှိ သာယာ၀တီအကျဉ်းထောင်၌ အကျဉ်းကျခံနေရဆဲဖြစ်သည်။