စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အိုင်ရောင်းကျေးရွာမှ မီးဘေးသင့်ပြည်သူများ အရေးပေါ်လိုအပ်လျက်ရှိသည့် စောင်အထည် ၂၀၀ ကို လှူဒါန်းခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
အိုင်ရောင်းကျေးရွာသည် ၂၀၂၄ခုနှစ်၊ ဧပြီ ၁၃ ရက် က ပေါ့ဆမီးကြောင့် အိမ်ခြေ ၁၂၀ ခန့် မီးလောင်ကျွမ်းခဲ့ရပြီး ကျေးရွာကော်မတီ၏ တင်ပြချက်အရ အရေးပေါ်လိုအပ်လျက်ရှိသော စောင်များကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံကိုဇော်ထက်က MPA ကို ပြောသည်။
“ မိုးလေးကလည်းဒီဘက်မှာ နှစ်ကြိမ်လောက်ရွာထားတော့ မနက်ပိုင်းတွေဘာတွေကျ နည်းနည်းလေးအေးလာပြီဗျ၊ အစောပိုင်းရက်ကတော့ တအားပူတာကိုး၊ အခုကမိုးလေးက ရွာလာတော့ မနက်ပိုင်းလေးတွေမှာ အေးတဲ့အခါကျတော့ ငယ်တဲ့ကလေးတွေတို့၊ အသက်အရွယ်ကြီးတဲ့လူတွေတို့ကျ စောင်ခြုံချင်တာပေါ့၊ စောင်ပါးလေးတွေဖြစ်ဖြစ် အေးတဲ့အချိန်ကို၊ အဲ့ဒီစောင်အခက်အခဲရှိတယ်ဆိုလို့ ဒီကြားထဲရတဲ့အလှူငွေတွေကနေ ကျတော်တို့က စောင်ဝယ်ပေးရတာပေါ့ဗျာ” ဟု ၎င်းကရှင်းပြသည်။
အဆိုပါလှူဒါန်းမှုကို သံဃမေတ္တာပြည်သူ့ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ငွေ ကျပ် ၁,၁၅၀,၀၀၀ မေမေ့ရင်ခွင်မှ တစ်ဆင့် ကိုဖြိုးဝေ(USA)မှ ထိုင်းဘတ် ၃၀၀၀ ၊ မနန်းချောစုခင်နှင့်ထောက်ပို့အဖွဲ့မှ ငွေကျပ် သုံးသိန်းနှင့် Hyper Familyမှ ငွေကျပ် ၃၃၀,၀၀၀ စသည့်လှူဒါန်းငွေများဖြင့် ဝယ်ယူလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအပြင် အိုင်ရောင်းရွာမီးဘေးသင့်မှုတွင် ပါဝင်သွားခဲ့သော CDMမိသားစု ခုနှစ်စုတို့ကို ပုလဲမြို့နယ်အခွန်ငွေမှ လူသားစာနာအတွက်ရရှိသော အခွန်ငွေ ခုနှစ်သိန်းကျပ်ကို တစ်မိသားစုလျှင် တစ်သိန်းကျပ်နှုန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
“ အကူအညီတွေကတော့ အများကြီးလိုအပ်ပါတယ်။ တချို့တွေကလည်း ကျေးရွာဘုန်းကြီးကျောင်းတွေမှာနေကြတယ်။ တချို့ကလည်း ရွာနားနီးကဆွေမျိုးသားချင်းတွေရဲ့ အိမ်တွေမှာကပ်နေကြရတာပေါ့၊ တချို့ကလည်း တောထဲမှာတဲလေးဖြစ်သလိုလေးထိုးပြီး ယာယီနေကြရတာပေါ့” ကိုဇော်ထက်က ဆက်ပြောသည်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အိုင်ရောင်းရွာမီးဘေးသင့်ပြည်သူများအတွက် အိမ်ပြန်လည်ဆောက်နိုင်ရေး လိုအပ်သည့်ဝါးနှင့်မျောတိုင်များအား ရှာဖွေပေးနေပြီး အခြားအလှူရှင်နှင့် အဖွဲ့အစည်းများ၏ အကူအညီများကိုလည်း လိုအပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။