ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၂၆ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ထံက သိရသည်။
အဆိုပါ တောင်စွန်းစစ်စခန်းအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် တွင် ဒရုန်းစစ်ဆင်ရေးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၁၇ ရက်နေ့မှစ၍ မြေပြင်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေ ၃ ရက်၊ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။
“ အဲ့ဒီစစ်စခန်းက တောင်စွန်းကျေးရွာထိပ်က ဘုရားကုန်းမှာ တပ်စွဲထားတာပါ၊ ဘုရားကိုခြံစည်းရိုးအပြင်ထုတ်ပြီး စခန်းကုန်းလုပ်ထားတာ နယ်မြေခံပြောပြသလောက်တော့ ခြေကုတ်ယူထားတာ နှစ်ပေါင်း ၂၀ ဝန်းကျင်အနည်းဆုံးရှိမယ်လို့သိရတယ်။ အခိုင်အမာတပ်စွဲထားတဲ့ မွန်နဲ့ကရင်အစပ် မဆုပ်တန်းခံစစ်စခန်းတစ်ခုပါ” ဟု ကိုအောင်စံရှားက MPA သို့ပြောသည်။
အဆိုပါ စစ်စခန်းအား သိမ်းပိုက်ရရှိရေးအတွက် မြေပြင်တွင် ၁၆ ရက်အကြာ နေ့စဥ်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီတပ်၏ လေကြောင်းပစ်ကူတိုက်ခိုက်မှုများကြားမှ ခက်ခက်ခဲခဲသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“ အဲ့ဒီစခန်းမှာက တပ်ရင်းမှုး သန့်ဇင်ဝင်းအပါ အားလုံး ၃၉ ဦးရှိတယ်။ ခံစစ်က အကောင်းဆုံးပြင်ဆင်ထားတာတွေ့ရတယ်။ မြေစိုက်ဘန်ကာတွေပဲ အလုံး ၂၀ လောက်ရှိတယ်။ မြေအောက်ဥမင်လိုမျိုး ဆက်သွယ်ရေးလှိုဏ်ခေါင်းတွေကအစရှိတယ်။ ဒရုန်းတိုက်ခိုက်မှု၊ စနိုက်ပါစစ်ဆင်ရေးနဲ့ ချေမှုန်းရေးအားလုံးပေါင်းရင် ၂၆ ဦးသေဆုံးပြီး ၁၃ ဦးကတော့ မနေ့က မနက်ပိုင်း စခန်းသိမ်းတဲ့အချိန်မှာ ထွက်ပြေးသွားတယ်။” ဟု S.O.F တာဝန်ခံ ကိုအောင်စံရှားက ဆက်ရှင်းပြသည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်ပြုလုပ်ခဲ့ခြင်းကြောင့် တောင်စွန်းကျေးရွာ၊ ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” သူတို့(စစ်ကောင်စီတပ်)ရဲ့ သေဆုံးသွားတဲ့ အလောင်းတွေကိုထားခဲ့ပြီး ထွက်ပြေးသွားတာပါ၊ တချို့အလောင်းတွေဆို ပထမရက်တွေက ထိထားတာဖြစ်တဲ့အတွက် ပုပ်ပွနေပါပြီ၊ သူတို့လူတောင်သူတို့ မီးမသင်္ဂြိုဟ်မသွားကြဘူးဗျ” ဟု Lion Battalion စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်စခန်းအား တိုက်ခိုက်သိမ်းပိုက်မှုကို KNLA တပ်ဖွဲ့၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/ အထူးတပ်ဖွဲ့)၊ lion battalion commando စစ်ကြောင်း၊ federal wings တပ်ဖွဲ့နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ မတ်လအတွင်းကလည်း KNU တပ်မဟာ ၆ အတွင်းရှိ စစ်ကောင်စီ၏ နယ်စပ်အထိုင်စခန်းများဖြစ်သော ကွီလုံတိုင်စခန်း၊ မဲသရောထစခန်းနှင့် ရေသလျှောက်စခန်းများအား KNLA နှင့် S.O.F တော်လှန်ရေးတပ်ဖွဲ့များမှ စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က အသိပေးထုတ်ပြန်ထားသေးသည်။