ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်ခြင်းသည် မွန်ပြည်နယ်အတွင်းရှိ လူငယ်များအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိနိုင်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ လူငယ်အများစုမှာ ထိုင်းနိုင်ငံသို့ အဓိကသွားရောက် အလုပ်လုပ်ကိုင်ကြပြီး ထိုင်းနိုင်ငံထဲသို့ တရားမဝင်သွားရောက်ကြသည်မှာ အစဉ်အလာတစ်ရပ်လို ဖြစ်နေခြင်းကြောင့် ပြည် ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်လည်း သက်ရောက်မှုနည်းကြောင်း ဒေသခံအချို့ထံက သိရသည်။
“ထိုင်းကို အောက်လမ်းကနေဝင်တယ်။ဟိုရောက်မှ တရားဝင်ကတ်တစ်ခုခုရအောင်လုပ်ကြတာ အစဉ်အလာလို ဖြစ်နေတယ်။ ကျတော်တို့ ခန့်မှန်းသလောက် ၁၀ရာခိုင်နှုန်းလောက်ပဲ တရားဝင် သွားကြတာ” ဟု ချောင်းဆုံမြို့ အရှေ့ပိုင်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြော သည်။
မွန်ပြည်နယ်အတွင်းရှိ လူငယ်များသည် မလေးရှားသို့လည်း တရားမဝင် သွားရောက်အလုပ်လုပ်ကိုင် ကြမှုများပြီး စင်ကာပူ၊ဂျပန်နှင့်ကိုရီးယားသို့သာ တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကြ ကြောင်း ပြည်ပသို့ တရားဝင်လမ်းကြောင်းမှ သွားရောက်မှုမှာ ၁၀ရာခိုင်နှုန်းထက် မပိုကြောင်း သိရ သည်။
“ကျတော်တို့ သထုံဘက်ဆိုလည်း အောက်လမ်းကပဲ သွားကြတာပါ။မြို့ပေါ်က လူငယ်တချို့ကျ တော့ ကိုရီးယား၊ဂျပန်ပေါ့။ငွေအပေးကြမ်းတဲ့ နိုင်ငံတွေဆီ သွားတယ်။အဲလိုသွားတာကလည်း နည်း နည်းပါပဲ။အားလုံးသွားနေကြတာက ထိုင်းကို အောက်လမ်းကပဲ” ဟု သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ ထိုင်းနိုင်ငံ၌ ကာလရှည် အလုပ်လုပ်ခဲ့သူတစ်ဦးကပြောသည်။
သို့သော်၊အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့် လက်ရှိပြည်ပ ရောက်နေသည့်မြန်မာများက မြန်မာနိုင်ငံသို့ ခေတ္တအလည်ပြန်ရမည်ကို စိုးရိမ်နေကြကြောင်း ၎င်း ကပြောသည်။
“ခဏ အလည်ပြန်လာပြီးရင် ပြန်ထွက်လို့မရတော့မှာ စိုးရိမ်နေကြတယ်လို့ ထိုင်းရောက်နေတဲ့ ကျနော့်သူငယ်ချင်းတွေ လှမ်းပြောကြတယ်။ဒီနှစ်သင်္ကြန်ဆိုလည်း စစ်မှုထမ်းဥပဒေနဲ့ တိုက်ပွဲတွေ ကြောင့် ကျတော်တို့ မွန်ပြည်နယ်သားတွေ အိမ်မပြန်နိုင်ကြဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် ထိုင်းတွင် လူခံရှိသော မွန်ပြည်နယ်အတွင်းရှိ လူငယ်များမှာ တရားမဝင်လမ်းကြောင်းမှနေ၍ ထိုင်းသို့ ထွက်ခွာသွားကြကြောင်း မော်လမြိုင်မြို့၊မုပွန်ရပ်ကွက်နေ ပွဲစားတစ်ဦးကပြောသည်။
“စစ်မှုထမ်းဥပဒေထွက်ပြီးတော့ ကျမတို့ မွန်ပြည်နယ်က လူ ဘယ်လောက် ထိုင်းထွက်သွားသလဲ ဆိုတာ စာရင်းအတိအကျမရှိပေမဲ့ တော်တော်များပါတယ်။အခုလည်း တစ်သက်လုံး တစ်ခါမှ မကြား ဖူးတဲ့ ဥပဒေပေါ့နော်။ယောကျာ်းတွေ ပြည်ပထွက်အလုပ်မလုပ်ရဘူးဆိုတော့ အောက်လမ်းကနေ ထွက်တာ ပိုများနိုင်တာပေါ့” ဟု ၎င်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မွန်ပြည်နယ်အတွင်းရှိ ထိုင်းသို့ ထွက်ခွာ အလုပ်လုပ်ကိုင်သူ အရေအတွက် အတန်အသင့် လျော့ကျသွားပြီးနောက် အာဏာသိမ်းပြီးနောက် ပိုင်း သိသာစွာ ပြန်လည်မြင့်တက်လာကြောင်း ၎င်းက ဆက်လက်ပြောသည်။
မေလတစ်ရက်မှ စတင်ကာ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို တားမြစ်ပိတ်ပင်လိုက်ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။