စစ်ကိုင်းတိုင်း၊ ရေဦး မြို့ပေါ်တွင်သာမက ကျေးလက်ဒေသများ၌ပါ စစ်မှုထမ်းရန်အတွက် စစ်တပ်က စစ်ကြောင်းထိုး ပေါ်တာဆွဲနေကြောင်းသိရသည်။
ဧပြီ ၂၉ရက်မှစ၍ ရေဦးမြို့ပေါ်ရပ်ကွက်များတွင် စစ်တပ်က စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေရာ ယနေ့ (မေလ လေးရက်)အထိ ပြည်သူ ၅၀ကျော် ဖမ်းဆီးခံထားရပြီး ရေဦးမြို့ အထက တစ် ကျောင်းဝင်းအတွင်း၌ ထားရှိကာ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်း ရေဦးအခြေစိုက် People’s Defense Comrade ၊ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောသည်။
” မိသားစုဝင်တွေနဲ့လည်း ထမင်းဟင်းပို့တာလောက်ပဲ အချိန်ပေးတွေ့ခွင့်ပေးပြီး စကားပြောဆိုတာ လက်မခံဘူးလို့သိရတယ်။ မိဘတွေက သူတို့သားသမီးပြန်လွတ်ဖို့အတွက် ငွေကျပ်သိန်း၁၀၀ ချပေးပြီး ရွေးတာတောင် စစ်သားတွေက လက်မခံဘူးလို့သိရတယ်ပေါ့နော်။ ငွေမလိုအပ်ဘူး၊ လူပဲလိုတယ်လို့ စစ်သားတွေက မိဘတွေကိုပြန်ပြောဆိုတာတွေရှိတယ်” ဟု ၎င်းကပြောသည်။
ဧပြီ၂၉ရက်တွင် ရေဦးမြို့၊အောင်ချမ်းသာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ အောင်ဆန်းရပ်ကွက်နှင့် ဗိုလ်အောင်ဇေယျရပ်ကွက်အတွင်းသို့ စစ်တပ်က အိမ်ထောင်သည်အမျိုးသားပါမချန် ဝင်ရောက်ဖမ်းဆီးခဲ့ရာ အယောက်၂၀ကျော် အဖမ်းခံခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်က သတ်မှတ်ထားသည့် လူဦးရေပြည့်လျှင် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ စစ်မှုသင်တန်းကျောင်းကို ပို့ဆောင်မည်ဟု ကြားသိရကြောင်း ၎င်းကပြောသည်။
မေလ နှစ်ရက်ကလည်း ရေဦးမြို့အနောက်ဘက်ခြမ်းရှိ သံသည်ရွာအနီးအထိ စစ်သား ၃၀ဝန်းကျင် ရောက်ရှိလာကာ လက်နက်ငယ်များ ပစ်ဖောက်ပြီး ဒေသခံပြည်သူများအား ဝင်ရောက်ဖမ်းဆီးရန် ကြိုးစားခဲ့သေးကြောင်း သိရသည်။
“ သံသည်ရွာက ပြည်သူတွေ အချိန်မီ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရတာမရှိဘူး။ ရွာခံပြည်သူတွေ ထွက်ပြေးသွားကြတာကြောင့် ရွာထဲအထိ မဝင်တော့ဘဲ ရေဦးမြို့ထဲကို ညတွင်းချင်း နောက်ကြောင်းပြန်လှည့်သွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
စစ်မှုထမ်းရန် အတင်းအဓမ္မလူစုဆောင်းမှုကြောင့် မြို့ခံလူငယ်များ မြို့ကို စွန့်ခွာထွက်ပြေးကြပြီး မြို့နှင့်နီးသည့် ကျေးရွာများက ပြည်သူများသည်လည်း စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။
” မြို့ပေါ်မှာ စုဆောင်းလို့မရရင် ရွာတွေဘက်မှာ စစ်ကြောင်းထိုးပြီး ဒါမှမဟုတ်ရင် ညတွေ၊ မနက်ဘက်တွေမှာ ပြည်သူတွေအထိတ်တလန့်ဖြစ်အောင် ဝင်ရောက်စီးနင်းတာမျိုးပေါ့ဗျာ။ စခန်းစီးတဲ့ ပုံစံမျိုးနဲ့ ရွာတွေ စီးနင်းပြီးခေါ်မယ်ပေါ့ဗျာ။ ကျနော်တို့ကတော့ ပေါ်တာဆွဲခံရတဲ့သူတွေ ပြန်လွတ်မြောက်အောင် ကြိုးပမ်းနေတာရှိပါတယ်” ဟု ရေဦးမြို့နယ်ပကဖအဖွဲ့ဝင် ကိုဝမ်ချိုင်းကပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် ရေဦးမြို့ပေါ်တွင် နာမည်စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့အပြင် ညပိုင်းအချိန်များ၌ ဝင်ရောက်ဖမ်းဆီးမှုများ ခပ်စိပ်စိပ်ပြုလုပ်ခဲ့ပြီး စစ်မှုထမ်းစာရင်း၌ ပါသည့်သူကို မတွေ့ပါက မိသားဝင်များအား ဖမ်းဆီးခြင်းတို့ပြုလုပ်ခဲ့ကြောင်း MPA က စုံစမ်းသိရသည်။