မူဆယ်မြို့၊ နန်းတော်ဂိတ်တွင် UID (Unique Identity Number) ခေါ် စမတ်ကတ်မရှိသူများကို တရုတ်နိုင်ငံထဲသို့ ဝင်ရန် တစ်ပတ်ကတ် ထုတ်မပေးတော့ကြောင်း သိရသည်။
မေလ၁ရက်မှစတင်ကာ စမတ်ကတ်မပါသူများကို နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ထုတ်မပေးတော့ ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ တစ်ပတ်ကတ် တင်မယ်ဆိုရင် စမတ်ကတ် ပါမှရမယ်။ မဖြစ်မနေလိုပါတယ်။ စမတ်ကတ်မပါရင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်မထုတ်ပေးပါဘူး” ဟု မူဆယ်မြို့ခံတစ်ဦးက MPAသို့ပြောသည်။
တရုတ်နိုင်ငံသို့ဝင်ရောက်ခွင့်ရရေးအတွက် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ရရှိရန် စောင့်ဆိုင်းသည့်လူဦးရေသည် တစ်ရက်လျှင် ထောင်ချီရှိပြီး စမတ်ကတ်မပါသူများမှာ ဒုက္ခရောက်နေကြောင်း တရုတ်နိုင်ငံ၊ရွှေလီမြို့သို့ ရောက်နေသည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
“ အရင်ကစမတ်ကတ်မလိုဘူး။ အခုက ပါမှရမယ်ဆိုတော့ စမတ်ကတ်လည်းလုပ်ရတယ်။ တရုတ်ပြည်ထဲကို တစ်ပတ်ကတ်နဲ့ဝင်ဖို့ တန်းစီစောင့်ရတာနဲ့ တစ်ပတ်လောက်ကြာတယ်။ စမတ်ကတ်မပါရင် တစ်လလောက်စောင့်ပြီးလုပ်မှ ရမယ်။ ဒီမှာ တန်းစီတဲ့သူ အရမ်းများတာ” ဟု ၎င်းကပြောသည်။
စမတ်ကတ်ကို မူဆယ်မြို့တွင် ပြုလုပ်ပေးနေပြီး မြန်မာငွေ ကျပ် ၆သိန်းကျော်ပေးနေရကြောင်း မူဆယ်မြို့ခံထံက သိရသည်။
တရုတ်နိုင်ငံထဲသို့ တစ်ပတ်ကတ်ဖြင့် ဝင်ရောက်သူများသည်တရုတ်ရဲကို တရုတ်ဖုန်းနံပါတ်နှင့် တည်းခိုမည့် နေရပ်လိပ်စာပေးထားရကြောင်း သိရသည်။
မေလ တစ် ရက်မှစတင်ကာ နယ်စပ်ဖြတ်သန်းသွားလာမှုကို လူဦးရေစာရင်း ထိန်းချုပ်နိုင်ရန် ဆိုသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး (လဝက)က စမတ်ကတ် ပါရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်ဟု ထုတ်ပြန်ထားသည်။
စမတ်ကတ်တွင် မျက်လုံး၊ လက်ဗွေ စသည့် ဇီဝဆိုင်ရာ အချက်အလက်များကို အီလက်ထရောနစ်စနစ်ဖြင့် တစ်ဦးချင်းအလိုက် မှတ်တမ်းတင် သိမ်းဆည်းထားကြောင်း သိရသည်။