ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ဧပြီတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၄ ကြိမ်ပြုလုပ်ခဲ့ပြီး ရဲဘော် နှစ်ဦးအပါအဝင် ငါးဦးသေဆုံး၍ ၃၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ချင်းကာကွယ်ရေးတပ်(မင်းတပ်)၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ၂၀၂၄ခုနှစ်၊ မေ ၃ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၂)ရှိ ဝမ္မသူးဆေးရုံအပါအဝင် ခရစ်ယာန်ဘုရားကျောင်း(၂)လုံး၊ စာသင်ကျောင်း(၁)လုံးနှင့် လူနေအိမ်(၂၄)လုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“ ဟုတ်ကဲ့ဝမ္မသူးဆေးရုံမှာဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးတာပါ၊ လေးယောက်ကလူနာ၊ တစ်ယောက်ကလူနာစောင့်ပါ၊ ကျတော်တို့က တော်လှန်ရေး လုပ်နေတာဆိုတော့ ရန်သူကရန်သူပီသစွာအလုပ်လုပ်နေတာလို့ပဲမြင်ပါတယ်” ဟု CDF (မင်းတပ်)၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနတာဝန်ခံ ကိုဇလပ်သွေးက MPAကိုပြောသည်။
ယင်းအပြင် ဧပြီလအတွင်း မင်းတပ်မြို့ စစ်ကောင်စီ၏ ခလရ(၂၇၄)တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သောကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် နှစ်လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ ဝမ္မသူးဆေးရုံက ခွဲစိတ်မှုကြီးကြီးမားမားတွေလည်းလုပ်နိုင်တယ်။ ပြည်သူတွေတင်မကဘူး တော်လှန်ရေးရဲဘော်တွေအတွက်လည်း အားကိုးရတဲ့ဆေးရုံဖြစ်တယ်ဗျ၊ အဲ့ဒါကြောင့်မလို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်တယ်လို့မြင်တယ်။ ဝမ္မသူးကိုက ပထမတိုက်ခိုက်ပြီးတာတောင် နောက်နေ့တွေမှာလည်း လေကြောင်း ထပ်ပြီးတော့လာတိုက်သေးတယ်” ဟု မင်းတပ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဝမ္မသူးဆေးရုံသည် မင်းတပ်မြို့နယ်တစ်ခုလုံးသာမက ချင်းပြည်နယ်တောင်ပိုင်းနှင့်တကွ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများ၏ အားထားရာဆေးရုံတစ်ခုဖြစ်ပြီး လက်ရှိတော်လှန်ရေး ကာလတစ်လျှောက်တွင် အသေးစား၊ အကြီးစား ခွဲစိတ်မှုများကို ပြည်သူများအား အခမဲ့နီးပါး (တော်လှန်ရေးရဲဘော်များကို အခမဲ့) ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ပြည်သူ့ဆေးရုံတစ်ရုံဖြစ်သည်။
“ အခုလည်း လေကြောင်းကတော့ မင်းတပ်မြို့နယ်ကိုဖြတ်ပြီးပျံနေတာပဲ၊ ကျင်ဒွေးဘက်ကို သွားတိုက်တာလို့ထင်တာပဲ၊ ပြည်သူတွေကတော့ သူ့အိမ်ကိုယ့်အိမ်ဗုံးခိုကျင်းတွေတူးထားရတာပေါ့၊ ဘယ်အချိန်တိုက်ခိုက်ခံရမလဲမသိဘူးလေ၊ စိုးတော့စိုးရိမ်နေရတာပေါ့” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
ထို့ပြင် ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ချင်းညီနောင်အဖွဲ့ဝင်တပ်ဖွဲ့များ၊ ရက္ခိုင့်တပ်တော်(AA)နှင့် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆုတ်ခွာသွားသော စစ်ကောင်စီတပ်သားများအား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။
မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ခွဲစိတ်ခန်း၊ လူနာဆောင်၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများနှင့်တကွ ဆေးရုံကား၊ ဆီပေပါ၊ ဆေးဝါးနှင့် ခွဲစိတ်ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာနှင့်တကွ လူ့အသုံးအဆောင်ပစ္စည်းပေါင်း ကာလတန်ဖိုး စုစုပေါင်း သိန်းတစ်သောင်း ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ဆရာဝန်များနှင့်ဆေးဝန်ထမ်းများ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ဘဲ မင်းတပ်မြို့နယ်အတွင်း တော်လှန်ရေးအတွက်သာမက၊ ပြည်သူများအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အရေးတကြီးလိုအပ်သောကြောင့် ကုသရေးပြန်လည်ထူထောင်လည်ပတ်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက စုံစမ်းသိရှိရသည်။