မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ချောင်းတော်ဝကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ပြည်သူနေအိမ်အလုံး ၂၀ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၊ငါးလုံးပြွန်ရွာအခြေစိုက် စစ်သား၁၀၀ခန့်၊တံငါရွာအခြေစိုက် စစ်သား ၅၀ခန့်နှင့် သဖန်းကိုင်းရွာအခြေစိုက် စစ်သား ၇၀ခန့်တို့သည် ယနေ့(မေ၄ရက်)နံနက်ပိုင်းတွင် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်းဖြစ်ပြီး ချောင်းတော်ဝရွာသို့ လက်နက်ကြီး၊လက် နက်ငယ်များ ပစ်ဖောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ်ပကဖ ထံက သိရသည်။
“ ချောင်းတော်ဝနဲ့တံငါကျေးရွာက သုံးမိုင်ကွာဝေးပါတယ်။အင်အားကတော့ ၂၀၀ကျော်ပါ။ ကျတော် ပြောထားခဲ့သလို တည်နေရာတွေကနေ ဝင်ရောက်ခြင်းဖြစ်တယ်။တပ်မရယ်လို့ အတိအကျမသိဘူး။ စကစနဲ့ပသစ(ပြည်သူ့စစ်)တွေပူးပေါင်းပြီးစစ်ကြောင်းထိုးတဲ့အနေအထားပါ” ဟု မတ္တရာမြို့နယ် ပကဖ၊ သတင်းတာဝန်ခံ ဘိုတောက်ကMPA သို့ ပြောသည်။
ချောင်းတော်ဝရွာ ယခုမီးရှို့ခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
“ ကျေးရွာတွေထဲကိုလက်နက်ကြီး၊လက်နက်ငယ် ပစ်ပြီးဝင်တာပါ။ချောင်းတော်ဝကနေ ၁၀နာရီလောက်က ပြန်ထွက်သွားပြီး မတ္တရာမြို့ထိ ပြန်ဆုတ်သွားပါတယ်” ဟု မတ္တရာဒေသခံတစ်ဦးက ပြောသည်။
မတ္တရာမြို့ပေါ်သို့ စစ်ကြောင်းပြန်ဆုတ်သွားပြီဖြစ်သော်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မည်စိုးသဖြင့် မတ္တရာအရှေ့ခြမ်းရှိ ကျေးရွာ ၁၀ရွာကျော်တို့မှာ ယနေ့ညအထိ မိမိတို့ ရပ် ရွာများဆီသို့ ပြန်မဝင်ကြသေးပေ။