စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ထွက်လာသည့် စစ်သား ၃ဦး မိုင်းဆွဲခံရပြီး သေဆုံးသွားကြောင်းသိရသည်။
ယနေ့ညနေ ၄နာရီခန့်က ကင်းထောက်ထွက်လာသည့် စစ်သား ၇ ဦး ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်ပေက ပြောသည်။
‘ထွေအုပ်ရုံးထဲကနေ အနောက်ဘက်ယာပြင်ထဲကို ကင်းထောက်ထွက်လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ၊ သုံးယောက်သေတယ်၊ တစ်ယောက်ကိုတော့ ပွေ့လာတယ်လို့ ပြောကြတယ်” လို့ ရဲဘော်ပေကဆိုသည်။
စစ်သား ၇ ဦးကို ရှေ့ထွက်မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသည့် စစ်သားနှင့် ဒဏ်ရာရ စစ်သားများကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။
စစ်သားများသေဆုံးဒဏ်ရာရခြင်းကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ပုလဲမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ကြားက ကျားတက်ကျေးရွာအနီးတွင် ယမန်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ထိပ်တိုက်ထိတွေ့ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့သည်။