စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန်ဟုဆိုကာ အမျိုးသား ၈၀ခန့်ကို ဖမ်းဆီးထားကြောင်း ရေဦးမြို့ခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီလ ၂၉ရက် မှ စတင်ကာ စစ်ကောင်စီတပ်သည် ရေဦးမြို့ပေါ်ရှိ အမျိုးသားများကို နေအိမ်ပေါ်အထိ ဝင်ရောက်ဖမ်းဆီးလျက်ရှိပြီး မေလ ၇ရက် အထိ စုစုပေါင်း အမျိုးသား ၈၀ ခန့်ကို ဖမ်းဆီးခဲ့ကာ၊ ရေဦးမြို့ အထက ၁ တွင် ယာယီထိန်းသိမ်းထားကြောင်း၊ ရေဦးမြို့နယ် အခြေပြု People’s Defence Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က MPA သို့ပြောသည်။
“ နေ့ရောညပါ အမျိုးသားမှန်သမျှလိုက်ဆွဲနေတာ၊ လောလောဆယ်တော့ စစ်မှုထမ်းဖို့ အယောက်၁၀၀ခန့်အထိဆွဲမယ်လို့သိရတယ်။ ၁၀၀လောက်ရမှ မုံရွာနမခက စစ်သင်တန်းကျောင်းကိုပို့မယ်လို့သိရတယ်ဗျ ” ဟု ကိုထူးခန့်ဇော်ကပြောသည်။
ဖမ်းဆီးခံရသည့် အမျိုးသားများသည် များသောအားဖြင့် လူငယ်ပိုင်းများဖြစ်ပြီး အသက် ၄၀ဝန်းကျင်ခန့်ရှိသည့် သက်လတ်ပိုင်းများလည်း ပါဝင်နေကြောင်း ကိုထူးခန့်ဇော်က ရှင်းပြသည်။
“ မြို့ဝင်မြို့ထွက်တွေကအစ လုံခြုံရေးတင်းကျပ်ထားသလို၊ ကင်းပုန်းတွေလည်းနေရာအနှံ့ဝပ်နေကြတာမျိုးရှိတယ်။ ညပိုင်းအချိန် ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ထုတာတွေလည်းရှိတယ်” ဟု ရေဦးမြို့တွင်း လုံခြုံရေးအခြေအနေနှင့် ပက်သက်၍ ၎င်းကပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးနေသည့်အတွက် ရေဦးမြို့တွင် အလုပ်သမားရှားပါးမှုဖြစ်ပေါ်နေပြီး တချို့သော စီးပွားရေးလုပ်ငန်းများလည်း ရပ်နားထားရကာ၊ ပြည်သူများသည်လည်း ကျေးရွာများသို့ တိမ်းရှောင်နေရကြောင်း ရေဦးမြို့ခံ ပြည်သူတစ်ဦးက ပြောသည်။
“ ရေဦးမြို့ပေါ်က ဆန်စက်တွေလည်း ယောင်္ကျားသား အလုပ်သမားတွေမရှိတော့တာကြောင့် ရပ်ထားရတယ်။ ရွာတွေကနေ မြို့ပေါ်တက်ပြီး ဘယ်သူမှဈေးမဝယ်ရဲကြဘူး။ မြို့ပေါ်က လူတွေလည်း ရွာတွေဘက်ကို ရှောင်လာကြတာမျိုးရှိတယ်။ မြို့ကြီးက ခြောက်ကပ်နေတာပဲ” ဟု ယင်းမြို့ခံ ပြည်သူတစ်ဦးကပြောသည်။
လက်ရှိ ဖမ်းဆီးခံအမျိုးသား ၈၀ ခန့်သည် ရေဦးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရွှေပြည်သာရပ်ကွက် ၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက် ၊ အောင်ဆန်းရပ်ကွက် ၊ ဗိုလ်အောင်ဇေယျရပ်ကွက်တို့မှ ဖြစ်ပြီး တချို့ရပ်ကွက်များ၌ ဝင်ရောက်ဖမ်းဆီးစဉ် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။