ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ထိုင်းလက်ရှိအစိုးရနှင့် မည်သို့မျှ ဆက်နွယ်ပတ်သက်မှု မရှိနေသဖြင့် မြန်မာ့တော်လှန်ရေးအဖွဲ့များနှင့် ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးခွင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ယနေ့တွင် ပြောသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ၎င်း၏ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်တိုက်ပွဲများကြား အဖြေရှာနိုင်ရန်အတွက် တော်လှန်ရေးအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris က မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကချင်အမျိုးသား အစည်းအရုံး(KNO)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ကိုယ်စားလှယ်အဖွဲ့ကို ချင်းမိုင်၌ ဧပြီလ ၁၃ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်းသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရှိရသည်။
တော်လှန်ရေးအဖွဲ့များနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များကို မသိရသော်လည်း ထိုင်းအစိုးရသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ရပ်တည်နေမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထိုင်းအစိုးရက ငြိမ်းချမ်းရေးစကားဝိုင်းများ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ရန်နှင့် နယ်စပ်တစ်လျှောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။