ဗညားတိုး
အညာနွေက ပူသည်။ ခြောက်သွေ့ပြီး ပူသည်။ အညာနွေပူပူကြားထဲကပဲ ရင်ပူစရာကိစ္စတွေက လည်း သောင်းခြောက်ထောင်မက။ မြန်မာ့နွေဦးတော်လှန်ရေးကာလ အတွင်းမှာ တရားမျှတမှု လိုအပ်နေတဲ့ ရင်ပူစရာအမှုအခင်းက သန်းချီရှိမယ်လို့ဆိုလျှင် လွန်မည် မထင်ပါ။ Data for Myanmar အဖွဲ့က ၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့ ထုတ်ပြန်ချက်အရ “စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများရဲ့” မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူ့နေအိမ်ပေါင်း (၈၈,၃၇၃) အိမ် ရှိသည်။ အေအေပီပီက ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့ ထုတ်ပြန်ချက်အရ “စစ်ကောင်စီက” ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း (၂၆,၆၂၀) ဦးရှိသည်။ “စစ်ကောင်စီက” သတ်ဖြတ် ခဲ့သူပေါင်း (၄,၉၆၂) ရှိခဲ့ပါပြီ။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ အထိ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုပေါင်း (၁၄၄) ကြိမ်။ အထက်ပါ ရက်စက်လှသော အမှုအခင်းများအပြင် မုဒိန်းမှု၊ ပြန်ပေးဆွဲမှု၊ ပြည်သူ့အိုးအိမ်ပိုင်ဆိုင်မှုများကို ဖျက်ဆီးသိမ်းဆည်းမှု၊ တရားလက်လွတ်သတ်ဖြတ်မှု၊ မိဘကို ဖမ်းမမိ၍ လူမမယ်အရွယ် ကလေးများကို ဖမ်းဆီးမှု စသည် ဖြင့် နှလုံးသားရှိသော လူသားတစ်ယောက် စိတ်ကူးကြည့်၍ပင် ခက်ခဲလှသည့် မတရားမှုများ၊ အခွင့်အရေးချိုးဖောက်မှုများကို ၂၀၂၁ အာဏာသိမ်းရန် ကြိုးပမ်းအားထုတ်ချိန်မှ စ၍ ယနေ့ သုံးနှစ်ကျော် ကာလအတွင်း များစွာဖြစ်ခဲ့ပြီးပါပြီ။ ဖြစ်နေဆဲလည်း ဖြစ်သည်။ ထိုမတရားမှုများ အတွက် တရားမျှတမှု တစ်စုံတစ်ရာ မရှိတော့ပြီလော။ ယခုဆောင်းပါးက တရားမျှတမှု ရှာဖွေရေး အကြောင်း ဆွေးနွေးချင်တာပါ။
ပစ်ခတ်တိုက်ခိုက်မှုဖြစ်နေစဉ်ကာလမှာ တရားမျှတမှုဆိုသည်နှင့် နည်းလမ်းနှစ်သွယ်ကို “လူပြောသူပြောများ” သည်။ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု နှင့် နိုင်ငံတကာတာဝန်ခံမှုယန္တရား မှတဆင့် တရားမျှတမှုရှာဖွေရေး ဖြစ်သည်။ သို့သော်ထိုနည်းလမ်းနှစ်ခုလုံးတွင် အကန့်အသတ်များစွာ ရှိသည်။ စာရှည်မည်စိုး၍ လိုတိုရှင်းသာ ဆွေးနွေးပါမည်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုသည် အချိန်အကန့်အသတ်ဘောင်တစ်ခုအတွင်းမှာ စပ်ကူးမတ်ကူးကာလအတွင်းမှ ကြီးလေးသော အခွင့်အရေး ချိုးဖောက်မှုများ နှင့် အမှုအခင်းများနှင့်ပတ်သတ်၍ ကိစ္စကြီးသုံးခုကို တစ်ပြိုင်နက်လုပ်ရခြင်းဖြစ်သည်။ “တာဝန်ခံမှု၊ တရားမျှတမှု နှင့် ရင်ကြားစေ့ရေး” တို့ဖြစ်သည်ဟု ၂၀၀၄ ခုနှစ်တွင် လုံခြုံကောင်စီသို့ တင်သွင်းသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ က ဆိုသည်။ဤနေရာတွင် သတိချပ်စရာ နှစ်ချက်ရှိပါသည်။ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုလုပ်ငန်းတစ်ခုလုံးကို နွေဦးတော်လှန်ရေးကာလအလွန် တက်လာသောအစိုးရမှ ကမကထ ပြုဖော်ဆောင်ရမည် ဆိုသည်နှင့် တရားမျှတမှု၊ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးကို တပြိုင်နက်လုပ်ရမည်ဆိုသည့်အချက်ဖြစ်ပါသည်။
UN, ‘The rule of law and transitional justice in conflict and post-conflict societies Report of the Secretary-General’ (UN, 23 August 2004) https://documents.un.org/doc/undoc/gen/n04/395/29/pdf/n0439529.pdf?token=DK9jid2bDJQ989VXmL&fe=true accessed 5 May 2024
စစ်ပွဲအပြီးတက်လာမည့် အစိုးရမှာ ချမ်းသာသည့် အစိုးရမဟုတ်မည်မှာတော့ သေချာသည်။ တစ်ချိန်တည်းမှာပင် တိုင်းပြည်ဘဏ္ဍာကို အလုံးအရင်းသုံးပြီး ပြန်လည်တည်ဆောက်ရေးနှင့်တရားမျှတမှု ကိစ္စတို့ကို လုပ်ရန်မှာ အရင်းအမြစ်ဆိုင်ရာ ကြီးမားသောအကန့်အသတ်ရှိမည်ကို မှန်းဆနိုင်ပါသည်။ ထို့အပြင် နိုင်ငံရေး၊ တရားဥပဒေ နှင့် နိုင်ငံတကာဆက်ဆံရေးဘောင်ထဲရှိ အကန့်အသတ်များလည်း ရှိသေးသည်။ မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဉ်များကို ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ အားတက်သရောကူညီမည်၊ မကူညီမည်ကို ယခုအချိန်တွင် ကံသေကံမ ပြောရန် စောနေပါသေးသည်။
ဒုတိယနည်းလမ်းမှာ နိုင်ငံတကာတာဝန်ခံမှုယန္တရား။ မြန်မာပြည်ရှိ ကြီးလေးသော အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ နှင့်ပတ်သတ်၍ မျှော်လင့်စရာနိုင်ငံတကာ တာဝန်ခံမှုလမ်းကြောင်း လေးခုကို အကြမ်းဖျင်း မြင်ရပါသည်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၊ နိုင်ငံတကာအထူးခုံရုံး (International Tribunal) နှင့် ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာ (UJ)တို့ဖြစ်သည်။ သို့သော် ထိုနည်းလမ်းလေးခုစလုံးတွင် တရားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အကန့်အသတ်များစွာရှိပြန်သည်။
ICC မှ တရားစီပိုင်ခွင့်ရှိသည့် အမှုအခင်းများကို တရားစီရင်နိုင်ရန် ရောမစာချုပ် အပိုဒ် ၁၂(၃) အရ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြိုးပမ်းမှုကို ICC က ယခုအချိန်ထိ မတုန့်ပြန်သေး။ ရောမစာချုပ် ၁၃(ခ) အရ လုံခြုံရေးကောင်စီမှ ICC ထံသို့ လွှဲပြောင်းပေးခြင်းနည်းလမ်းသည်လည်း ယခုအထိ အလုပ်မဖြစ်သေး။ အဆိုပါ နည်းလမ်းနှစ်ခုစလုံးကို မြန်မာ့အတိုက်အခံအင်အားစုတွေက ၂၀၂၁ အာဏာသိမ်းပြီးမှ လမ်းစရှာခဲ့ ကြသည်မဟုတ်သည်ကိုလည်း သတိချပ်သင့်သည်။ ဗိုလ်သန်းရွှေတို့ သောင်းကျန်းစဉ်ကာလများကတည်းက ကြိုးစားခဲ့တာဖြစ်သည်။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ ICJ က ကိုင်တွယ်နေဆဲအမှု နှင့်ပတ်သတ်၍ ရိုဟင်ဂျာများသည် နိုင်ငံတကာတာဝန်ခံမှုယန္တရား၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်မှ အပ ICJ မှ ချမှတ်ထားသော ကြားကာလအစီအမံများကိုလည်း စစ်ကောင်စီက ဂရုမစိုက်။
UJ နှင့် ပတ်သတ်၍လည်း အာဂျင်တီးနား ပြည်ထောင်စုရာဇဝတ်တရားရုံး နှင့် ဂျာမနီတို့တွင် အားထုတ်မှု များစွာရှိသော်လည်း ယခုထိ သိသာသောရလဒ်ကို မရသေး။ International Trial အဖွဲ့က ထုတ်ပြန်သော ၂၀၂၃ ခုနှစ် UJ သုံးသပ်ချက်အစီရင်ခံစာအရ စီရင်နိုင်သောအမှုအခင်းများမှာ အကြမ်းအားဖြင့် များလာသော်လည်း နိုင်ငံတချို့တွင်သာ စုနေခြင်းဖြစ်သည် ။ ပြင်သစ် နှင့် အာဂျင်တီးနား တွင်အများဆုံး ဖြစ်သည်။ ထို့ထက်အရေးကြီးသည်မှာ UJ ကို လက်ခံ၍ နိုင်ငံရပ်ခြားတွင် ဖြစ်သည့် အမှုအခင်းကို မိမိနိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် စီရင်လိုသော နိုင်ငံမှာ များများစားစား မရှိ။ ရှိသည့်အထဲတွင်လည်း ဥရောပနိုင်ငံကသာ များသည်။ နောက်ဆုံးတစ်ခုဖြစ်သည့် မြန်မာပြည်တွင် နိုင်ငံတကာအထူးခုံရုံးတစ်ခု
International Trial, ‘Universal Jurisdiction Annual Review 2024’ (International Trial) https://trialinternational.org/wp-content/uploads/2024/04/UJAR-2024_digital.pdf accessed 5 May 2024
တည်ထောင်ပြီး အမှုအခင်းများကို စီရင်ရန် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးယန္တရား FFM က ၂၀၂၁ မတိုင်ခင်ကတည်းက တောင်းဆိုနေခဲ့တာဖြစ်သည် ။ သို့သော် ယခုအထိ အလုပ်မဖြစ်။ ထို့ကြောင့်ပင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က နိုင်ငံတကာကို “ထိရောက်စွာ အရေးယူဆောင်ရွက်မှု ပျက်ကွက်နေဆဲ၊ နှောင့်နှေးနေဆဲဖြစ်တယ် ” ဟု အားမလို အားမရ ဖြစ်သည်ဟု ယူဆပါသည်။ နိုင်ငံတကာတာဝန်ခံမှုဆိုင်ရာယန္တရားများ၏ အကန့်အသတ် များကို ထုတ်နှုတ်ဆွေးနွေးနေခြင်းမှာ နိုင်ငံတကာစာမျက်နှာတွင် တရားမျှတမှုဆိုင်ရာ အရေးဆိုမှုများ၊ လူ့အခွင့်အရေးဆိုင်ရာ အရေးဆိုမှုများကို မှေးမှိန်စေလို၍ မဟုတ်ပေ။ အဆိုပါယန္တရားများ၏ အကန့်အသတ်များအပြင် လူမသိသူမသိ ကြေလွင့်သွားရသော၊ ထိခိုက်နစ်နာနေသော အာရုံစိုက်မခံရသည့် အမှုအခင်းများနှင့်ပတ်သတ်၍ နည်းလမ်းရှာရန် လိုအပ်ကြောင်းကို ဆွေးနွေးလိုခြင်းဖြစ်ပါသည်။ ဤဆောင်းပါး၏ ပထမစာပိုဒ်တွင် ဖော်ပြခဲ့သည့် အမှုအခင်းများ၏ ထုထည်ကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းတရားရေးစနစ်နှင့် ဆက်စပ်တာဝန်ခံမှုဘောင်ကို စနစ်တကျတည်ဆောက်ရန်နှင့် ခွန်အားရှိလာစေ ရန် အလေးပေးဖို့ ဆွေးနွေးလိုခြင်းဖြစ်ပါသည်။ တရားမျှတမှုကို လိုအပ်သူတိုင်း လက်လှမ်းမှီဖို့ လိုပါသည်။ စစ်ပွဲထဲက လူထုအတွက် တရားမျှတမှုအဖြေသည် ပြည်တွင်းမှာ အဓိက ရှိပါသည်။ မည်သို့မည်ပုံရှိသည်ကို တော့ ဆက်စပ်ဆောင်းပါးများတွင် ထပ်မံဆွေးပါမည်။ ယခုဆောင်းပါးကိုတော့ “ပြည်တွင်းပထမ၊ ပြည်ပဒုတိယ” ဆိုသည်နှင့်သာ နိဂုံးချုပ်ပါရစေ။