စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက မျက်စိမှိတ်နေခြင်းမှာ အလွန်ရှက်စရာကောင်းကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA )၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရှိ ဆီဆိုင်မြို့နယ်၊ထီဗွာကျေးရွာက ဒေသခံပြည်သူ ကိုးဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်ပြီး MPA၏ မေးမြန်းချက်အပေါ် ၎င်းက ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဒါတွေကလူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သလို လူသားမျိုးနွယ်အပေါ်ကို အရက်စက်ဆုံးကျူးလွန်နေသလိုဖြစ်နေပါတယ်။ဒါ့ကြောင့် စစ်ကောင်စီရဲ့ ယုတ်ရမ်း ရက်စက်တဲ့ ကျူးလွန်မှုတွေ၊ပြည်သူလူထုကို လူသားဒိုင်းအနေနဲ့ အသုံးပြုတာတွေကို တားဆီးဖို့ဆိုရင် ဒီအကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းတွေက ထိထိရောက်ရောက် လက်တွေ့ကျကျ အရေးယူဖို့လိုပါတယ်။အခုအခြေအနေမှာက နိုင်ငံတကာအဖွဲ့အစည်းတွေက မျက်စိမှိတ်ပြီး နေ နေတာက အလွန်ရှက်စရာကောင်းပါတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
မေလခြောက်ရက်တွင် ဆီဆိုင်မြို့နယ်၊ထီဗွာကျေးရွာသို့ လာရောက်အခြေစိုက်သည့် စစ်တပ်က ဒေသခံရွာသား ကိုးဦးကို ဖမ်းဆီးခဲ့ကြောင်း ထီဗွာကျေးရွာသားများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ မနေ့က နေ့လယ်လောက်မှာ ဖမ်းသွားတာပါ။ရွာသားတွေ အဖမ်းခံရတာပေါ့။ဗိုက်ကြီးသည် အမျိုးသမီးတစ်ဦးလည်းပါတယ်။အားလုံးပေါင်း ကိုးယောက်ပါ။ကျား ငါး၊မ လေး ဖမ်းထားတာပေါ့။မိသားစုနဲ့လည်း အဆက်အသွယ် အခုထိ မရသေးဘူး” ဟု ၎င်းက ယနေ့(မေခုနှစ်ရက်)ညနေ ခြောက်နာရီကျော်တွင် ပြောသည်။
ဒေသခံ ကိုးဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသလဲ ဆိုသည်ကို မသိရှိသေးကြောင်း PNLA ၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
“ လောလောဆယ် ပျောက်ဆုံးနေတာကတော့ တစ်ယောက်ပါ။စစ်ရှောင်အမျိုးသားပါ။ဒီနေ့နဲ့ဆို အဆက်အသွယ်လုံးဝမရတာ နှစ်ရက်ရှိပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထီဗွာကျေးရွာထဲသို့ စစ်တပ်က အခြေစိုက်ပြီးနောက် ယင်းရွာသား ပျောက်ဆုံးသွားခြင်းဖြစ်ပြီး PNLAတပ်ဖွဲ့က ရှာဖွေလျက်ရှိကြောင်း သိရသည်။