စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း ပြည်သူတို့၏ ကျန်းမာရေးအတွက် ဆေးရုံသုံးရုံဖွင့်လှစ်ကာ ကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ပုလဲမြို့နယ်၊ အမျိုးသားညီညွှတ်ရေးအစိုးရ( NUG )အုပ်ချုပ်ရေးယန္တရားအောက်တွင် ကျန်းမာရေးကဏ္ဍ၌ CDM ဝန်ထမ်းများစွာဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ဝန်ဆောင်မှုပေးနေပြီး ရပ်ရွာများတွင်လည်း အလှည့်ကျ ဆေးခန်းထိုင်ကာ ဆေးကုသပေးနေကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
“ ပုလဲမြို့နယ်မှာ ကျန်းမာရေး CDM ဆရာဝန်တွေ အများကြီးရှိပါတယ်။ အထွေထွေဆရာဝန်တွေပါတယ်။ အထူးကုဆရာဝန်တွေပါတယ်။ သွားဆရာဝန်တွေပါတယ်။ သူနာပြု အမျိုးသား၊ အမျိုးသမီးတွေပါတယ်။ အစုံပေါ့ဗျာ။ ဒါတွေနဲ့ တစ်မြို့နယ်လုံးကို လွှမ်းခြုံတဲ့ ကော်မတီတစ်ရပ်ဖွဲ့ထားတာပါ” ဟု ၎င်းက MPAသို့ ပြောသည်။
ဆေးရုံများတွင် ပုံမှန်နာမကျန်းဖြစ်ခြင်း၊ သားဖွားခြင်း၊ အရိုးနှင့်အကြောဆိုင်သည့် ရောဂါနှင့် အသေးစားခွဲစိတ်ခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ဆေးကုသစရိတ်ကို သတ်မှတ်ထားခြင်းမရှိဘဲ ဆေးရုံ လည်ပတ်နိုင်ရန်အတွက်သာ တတ်နိုင်သလောက် လှူဒါန်းကြောင်း ပုလဲဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“ တတ်နိုင်သလောက်လေးတော့ ပြန်လှူရတာပေါ့။ ဆေးဖိုးဝါးခရယ်လို့တော့ သတ်မှတ်မထားဘူး” ဟု ၎င်းကပြောသည်။
ပုလဲမြို့နယ်အတွင်းရှိ နယ်မြေ ၉၅ ရာခိုင်နှုန်းခန့်တွင် NUGအစိုးရ ၏ ကြားကာလအုပ်ချုပ်ရေး ယန္တရားလည်ပတ်နေကြောင်းသိရသည်။