ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ ရဲစခန်းနှင့် မြို့တွင်း ရပ်ကွက်နှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က သိမ်းပိုက်ထားနိုင်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၇ရက် ၊ မနက် ၅ နာရီခန့်မှစ၍ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIAက တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ၊ မနက် ၇ နာရီခန့်တွင် ဗန်းမော်မြို့နယ်၊ ဗန်းမော် – ရွှေကူကားလမ်းမ၊ စင်းခန်းကျေးရွာရှိ စင်းခန်းဧရာဝတီမြစ်ကူးတံတားစောင့်စခန်း၊ စင်းခန်းကျေးရွာရဲစခန်းနှင့် တာဝါတိုင်စခန်း၊ မနက် ၁၁ နာရီတွင် မံစီမြို့မရဲစခန်း၊ မံရွတ်စစ်ကောင်စီတပ်စခန်းနှင့် နေ့လယ် ၁၂ နာရီခန့်တွင် မိုးမောက်မြို့နယ်ရှိ မြို့မရဲစခန်းအပါအဝင် အလင်းကောင်နှင့် ခါနန်ရပ်ကွက်တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
“ မိုးမောက်မှာ တစ်ဝက်လောက်က KIA တွေ ရှိနေပြီ၊ ကြေးနန်းနဲ့ မန်ဘုံရပ်ကွက်မှာတော့ တိုက်ပွဲဖြစ်နေကြတယ်။အရင်လကတည်းက စစ်ကောင်စီတပ်က ပြည်သူတွေရှိတဲ့ အိမ်တွေ၊ ဘုရားကျောင်းတွေ နေရာမှာ ဝင်ပြီး နေရာယူကြတာ၊ မနေ့ညကလည်း အိမ်တွေ မီးလောင်တယ်။ မိုးမောက်မှာ ခလရ ၄၃၇ တပ်ရင်း တစ်ခုပဲ ကျန်တော့တယ်” ဟု မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် နှစ်ဖက်တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဧပြီ ၂၃ ရက်မှစ၍ မိုးမောက်မြို့အတွင်းမှ ဒေသခံပြည်သူအများစုသည် မိုးမောက်မြို့ အထက်ပိုင်းရှိ ဂွယ်ကထောင်ကျေးရွာ၊ ဗန်းမော်နှင့် မြစ်ကြီးနားမြို့များသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
“ ဗန်းမော်မှာလည်း စစ်ကောင်စီတပ်တွေ ခြေချင်းလိမ်လို့ဘဲ၊ ဟိုပြေးရမလား ဒီပြေးရမလားနဲ့ ရင်တွေခုန်ရတယ်။ အခုလည်း မိုးမောက်မှာက တချို့အိမ်တွေလည်း မီးလောင်နေတယ်ကြားတော့ စိတ်ပူရတယ်” ဟု မိုးမောက်မြို့နယ်မှ ဗန်းမော်မြို့ပေါ်သို့ စစ်ရှောင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် မံစီမြို့နယ်တွင်လည်း တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိပြီး၊ လက်နက်ကြီးစထိမှန်၍ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူ လေးဦးခန့်ရှိကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ မတ် ၇ ရက်မှစ၍ KIAက ထိုးစစ်ဆင်ခဲ့သည့်အချိန်မှစတင်ကာ လက်ရှိအချိန်ထိ ကချင်ပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်စခန်း ၉၀ ကျော်အပါအဝင် ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ အင်းဂျန်းယန်နှင့် တရုတ် – မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့တို့ကို KIAက သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။