မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကြေး၊ ဒန်၊ သတ္ထု၊ သံရည်ကျို၊ သံနန်းဆွဲ လုပ်ငန်းများ ပြုလုပ်သည့် စက်ရုံများကို လျှပ်စစ်ဓာတ်အားများ သုံးစွဲခြင်း မပြုရန် စစ်ကောင်စီတပ်က ပိတ်ပင်ထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
၂၀၂၄ ၊ မေလ ၆ရက်မှ စတင်ကာ ယင်းလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား သုံးစွဲသည်ကို တွေ့ရှိပါက အရေးမည်ဟု ညွှန်ကြားထားကြောင်း မန္တလေးစက်မှုဇုန်ရှိ လုပ်ငန်းရှင်များထံမှ သိရသည်။
“ မနေ့က(မေလ ၆ရက်)စပြီး နားခိုင်းထားတာပါ၊ ဘယ်နှစ်ရက်နေ့အထိ နားထားရမယ်ဆိုတော့ မသိသေးဘူး။ ဘယ်လိုအရေးယူမယ်ဆိုတာတော့ ပြောမသွားဘူး ” ဟု ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၂)မှ သံရည်ကျိုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက လျှပ်စစ်ဓာတ်အားသုံးစွဲမူကိုကန့်သတ်လိုက်သဖြင့် သံရည်ကျိုစက်ရုံများမှ လုပ်ငန်းများ ရပ်နားထားရကာ စက်ရုံများတွင် နေ့စဉ် အလုပ်လုပ်နေရသည့် အလုပ်သမားများ အလုပ်မရှိတော့သဖြင့် အခက်အခဲဖြစ်နေရကြောင်း ၎င်းက ဆက်ပြောသည်။
“ လုပ်ငန်းက မလုပ်ရတော့၊ ဝင်ငွေက မရှိတော့တာပေါ့၊ အခုဆို အိမ်မှာရှိတဲ့ တခြားအလုပ်လေးတွေပဲ ပြောင်းမှ ရတော့မယ်၊ မလုပ်လို့လည်း မရဘူးလေ၊ စားဝတ်နေရေးအတွက်ကလည်း ရှိသေးတယ် ” ဟု စက်ရုံအလုပ်သမားတစ်ဦးက ပြောသည်။
လက်ရှိ မန္တလေးမြို့တွင် တစ်ရက်လျှင် လျှပ်စစ်မီးကို လေးနာရီပေး၊ ရှစ်နာရီပျက် အစီအစဉ်ဖြင့် တစ်နေ့လျှင် လျှပ်စစ်မီး ရှစ်နာရီပေးမည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြေညာထားသော်လည်း ၂၀၂၄၊ ဇန်နဝါရီလမှစတင်ကာ ရှစ်နာရီခြား တစ်ခါသာလျှပ်စစ်မီးပေးနေခြင်းဖြစ်သည်။
သို့သော် လျှပ်စစ်မီး ဖြန့်ဝေပေးသည့် အချိန်မှာ အချိန်မှန်မရှိသဖြင့် မန္တလေးမြို့ရှိ ဒေသခံပြည်သူများအခက်အခဲ ဖြစ်နေရကြောင်း သိရသည်။