စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ မလည်ကျေးရွာစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်က စခန်းမကျစေရေးအတွက် လေကြောင်းပစ်ကူ အကြိမ် ၃၀ ထက်မနည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မလည်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို မေ ၇ ရက်၊ နံနက် ၅ နာရီဝန်းကျင်မှစတင်ကာ ဒေသကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဒေသတွင်းကအဖွဲ့တွေဝိုင်းတိုက်တာပေါ့။ တိုက်တော့ နောက်ဆုံးမခံနိုင်တော့တဲ့အဆုံး ဟောင်ဝှစ်ဇာနဲ့ပစ်ကူတောက်လျှောက်ပေးတယ်၊ လေကြောင်းကနေလဲပစ်တယ်၊ ကျတော်တို့နောက်ဆုံးဘန်ကာတစ်ခုပဲသိမ်းဖို့ကျန်တော့တဲ့အချိန်မှ ာလေကြောင်းကလဲပစ်တော့လှုပ်မရဘူး။ ပြီးတော့အရှေ့ဘက်ကမ်းကလဲ စစ်ကူတွေလာတော့ပြန်ဆုတ်ခဲ့ရတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဘန်ကာနေရာအများစုကို ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဥ်၊ Y12 ထောက်ပို့လေယာဥ်တို့ဖြင့် ပစ်ခတ်ခြင်းနှင့်ဗုံးသီးကြဲချခြင်းတို့အပြင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် အကြိမ် ၅၀ ထက်မနည်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုအများပြားရှိခဲ့ပြီး တောင်လှန်ရေးတပ်ဖွဲ့ဝင်များလည်း ထိခိုက်မှုရှိသေဆုံးမှုရှိခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။
တိုက်ပွဲကြောင့် မလည်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်နေထိုင်သည့် ဒေသခံပြည်သူ ထောင်နှင့်ချီဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေကြရသည်။
“ ရွာတွေက ရုတ်တရက်ဆိုတော့ အကုန်ကိုရှောင်ကြရတယ်၊ ကျတော်တို့ဒေသမှာက မိုးနည်းနည်းရွာတာရှိပေမဲ့ နေပူရှိန်ထဲမှာပဲ လွတ်ရာကိုရှောင်ကြရတာ၊ ဒုက္ခတော့များကြတာပေါ့” ဟု ဒေသတွင်းစစ်ဘေးရှောင် ကျန်းမာရေးစောင့်ရှောက်ကူညီနေသူတစ်ဦးက ဆိုသည်။
ထိုသို့တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့၊ ညနေ ၅ နာရီဝန်းကျင်အထိ ကန့်ဘလူမြို့နယ်အတွင်းရှိ နေရာအများပြား လေကြောင်းတိုက်ခိုက်ခဲ့ရပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကိုပါ စစ်ကောင်စီကဖြတ်တောက်ထားသဖြင့် ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။