စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အရာရှိနေအိမ်၌ ကင်းစောင့်ရန် လာသည့် စစ်ကားကို ဒေသခံ PDFတို့က ပစ်ခတ်ခဲ့ရာ ငါးဦးသေဆုံးကြောင်းသိရသည်။
မေလ ခြောက်ရက်၊ ည ရှစ်နာရီ ၁၅ မိနစ်ခန့်တွင် မုံရွာမြို့ရှိ စစ်တပ် ဗိုလ်မှူးတစ်ဦး၏ နေအိမ်၌ ကင်းစောင့်ရန် လာသည့် စစ်ကားတစ်စီးကို PDFတပ်ဖွဲ့များက ဗိုလ်တေဇလမ်းနှင့် ပိတောက်လမ်းသွယ်၌ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် စစ်သား ၁၀ ဦးထဲမှ ငါးဦး သေဆုံးခဲ့ကြောင်း Mahura People Defence Force က သတင်းထုတ်ပြန်သည်။
“ကြာချိန်ကတော့ စက္ကန့်ပိုင်းပဲရှိတယ်။ပြန်လည်ပစ်ခတ်တာမျိုးမလုပ်ဘဲ ကားကို အမြန်မောင်း ပြေးသွားတာပါ။အဝေးရောက်မှ ကားရပ်သွားလို့ ထပ် မပစ်တော့တာပါ။ကျတော်တို့ရဲ့ခိုင်မာ စိတ်ချရတဲ့ သတင်းအရ ငါးဦးသေဆုံးတယ်လို့သိရပါတယ်”ဟုမုံရွာခရိုင်အမှတ်၂၅ တပ်ရင်း၊တပ်ခွဲငါး Mahura People Defense Force မှ တပ်ခွဲမှူး မော်စီက MPAသို့ ပြောသည်။
ပစ်ခတ်ခံရသည့် ကားသည် မုံရွာစက်မှုဇုန်ရှိ စစ်တပ်အထိုင်စခန်းဘက်သို့ မောင်းပြေးသွားကြောင်း သိရသည်။
“နန္ဒာဝန်ရပ်ကွက်ထဲဖြစ်တာ။စက္ကန့်ပိုင်းလောက်ပဲကြာတယ်။ဖြတ်သွားတဲ့ ကားကို ပစ်တာ။ပစ်ခတ်မှုဖြစ်ပြီးတော့ နန္ဒာဝန်ရပ်ကွက်ထဲ ပုံမှန်ပါပဲ။အပစ်ခံရတဲ့ ကားကလည်း မောင်းပြေးတာဆိုတော့ မထူးခြားပါဘူး” ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်း ၊ တပ်ခွဲငါး Mahura People Defence Force – MHR PDF (Liberation Front) ၊ ချင်းတွင်းနွေဦး – တော်လှန်ရေးအင်အားစု CSRAF (LPDF)နှင့် Monywa Fire Group (LPDF) တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
Mahura People Defence Force သည် လက်နက်အင်အား ဖြည့်တင်းရန် အနောက်မြောက်လွင်ပြင် နွေဦးစစ်ဆင်ရေး ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံထားသည်။