တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် စမတ်ကတ်နှင့် နယ်စပ်သွားလာခွင့်လက်မှတ်(စာအုပ်အနီ)မရှိသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးကာ ပြန်ပို့နေကြောင်းသိရသည်။
မေလမတိုင်မီက တစ်ပတ်တာနေထိုင်ခွင့်ကတ်ဖြင့် တရုတ်နိုင်ငံ၊ရွှေလီမြို့သို့ ရောက်ရှိနေသူများအ နက် UID (Unique Identity Number) ခေါ် စမတ်ကတ်မရှိသူများနှင့် မြန်မာ-တရုတ်နယ်စပ်သွား လာခွင့်လက်မှတ်(စာအုပ်အနီ)မရှိသူများကိုပါ မေလခြောက်ရက်မှစတင်ကာ မြန်မာနိုင်ငံတွင်းသို့ ပြန်ပို့နေခြင်းဖြစ်ကြောင်း ရွှေလီရောက်မြန်မာအချို့ထံက သိရသည်။
“ တရုတ်ဘက်က ရွှေလီမြို့ထဲမှာ အရမ်းစစ်ဆေးနေတယ်။ စစ်ဆေးလို့စမတ်ကတ်မပါရင်ပြန်ခိုင်း တယ်။ စမတ်ကတ်ပြန်လုပ်ပေါ့။ စာအုပ်အနီနဲ့စမတ်ကတ်ရမှ ပြန်ဝင်လာခိုင်းတယ်” ဟုရွှေလီမြို့ ရောက် မြန်မာနိုင်ငံသားတစ်ဦးက MPA သို့ ပြောသည်။
မူဆယ်မြို့တွင် စမတ်ကတ် ပြုလုပ်ရန် စာရင်းသွင်းထားသည့် တန်းစီနံပါတ် သောင်းဂဏန်းအထိ ရှိနေပြီး စာအုပ်အနီပြုလုပ်ရန်လည်း ကျပ်သိန်း ၅၀ အထိ ပေးနေရကြောင်း သိရသည်။
“ စမတ်ကတ်လုပ်ဖို့ စောင့်နေသူတွေတောင် နောက်နှစ်လောက်မှ ရနိုင်မယ်။ စာအုပ်အနီကလည်း သိန်း၅၀ပေးတာတောင် ရဖို့ကမသေချာဘူးလေ” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ မြန်မာနိုင်ငံ၊မူဆယ်မြို့သို့ ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသားများ မှာ တစ်ရက်လျှင် ရာနှင့်ချီ ရှိနေပြီး ပြန်ရန်ပင် တန်းစီစောင့်နေရကြောင်း မြန်မာသို့ပြန်ရန် ပြင်ဆင် နေသည့် အသက်၂၀ ဝန်းကျင်ရှိ လူငယ်တစ်ဦးက ပြောသည်။
“ ဒီမှာက အလုပ်ကရှိတယ်။ အလုပ်ရှိပေမဲ့ ရဲ အဖမ်းခံရရင်လည်း ပြန်ပို့ခံရမှာပဲ။ ကိုယ့်ဘာသာပဲ အရင်ပြန်ရုံပေါ့။ ပြန်ဖို့အတွက် ရဲစခန်းကို စာရင်း အရင်ပေးရတယ်။ ပြီးရင်တန်းစီရသေးတယ်” ဟု ရွှေလီ၌ အလုပ်လုပ်နေသည့် အသက်၂၀ ဝန်းကျင်ရှိ လူငယ်တစ်ဦးက ပြောသည်။
မြန်မာ – တရုတ်နယ်စပ်သွားလာခွင့်လက်မှတ်(စာအုပ်အနီ)မှာ တရုတ်နယ်စပ်မြို့များသို့ သွားလာခွင့် လက်မှတ်ဖြစ်ပြီး တစ်နှစ်သက်တမ်းရှိကာ ယခင်က တရုတ်နယ်စပ်မြို့တစ်ခုခုသို့ သွားလိုသည့် မြန်မာနိုင်ငံသားများအား မူဆယ်မြို့တွင် ပြုလုပ်ပေးသည်။ ၂၀၂၃ခုနှစ်တွင်မူ မူဆယ်ခရိုင်အတွင်း နေထိုင်ကြောင်း အိမ်ထောင်စုစာရင်းရှိသူများကိုသာ ပြုလုပ်ပေးတော့ကြောင်း သိရသည်။
မေလမတိုင်ခင်က စမတ်ကတ်မလိုဘဲ တစ်ပတ်တာနေထိုင်ခွင့်ကတ် ထုတ်ပေးခဲ့သော်လည်း မေလ တစ်ရက်နေ့မှစတင်ကာ စမတ်ကတ်မပါလျှင် တစ်ပတ်ကတ် ထုတ်မပေးတော့ကြောင်း သိရသည်။
မေလတစ်ရက်မှ စတင်ကာ နယ်စပ်ဖြတ်သန်းသွားလာမှုကို လူဦးရေစာရင်း ထိန်းချုပ်နိုင်ရန် ဆိုသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး (လဝက) က စမတ်ကတ် ပါရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်ဟု ထုတ်ပြန်ထားသည်။
စမတ်ကတ်တွင် မျက်လုံး၊ လက်ဗွေ စသည့် ဇီဝဆိုင်ရာ အချက်အလက်များကို အီလက်ထရောနစ်စနစ်ဖြင့် တစ်ဦးချင်းအလိုက် မှတ်တမ်းတင် သိမ်းဆည်းထားကြောင်း သိရသည်။