ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီ ယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း Black Cobra Force Pakokku ထံက သိရသည်။
ယနေ့ နံနက် ၈နာရီ၁၅မိနစ်ခန့်က ပခုက္ကူအခြေစိုက်တပ်(၁၀၁)မှ ထွက်ခွာလာသော စစ်ကား ၄ စီးပါ စစ်ကောင်စီယာဥ်တန်းကို မိုင်းပွိုင့် ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့က ၂ဖွဲ့လုပ်တာ။ ကျနော်တို့ကတော့ ၁၅ လုံးဆွဲတာ။ ၁ ပွိုင့် ကို ၅ လုံးနဲ့ ၃ ပွိုင့် ဆွဲတာ။ ကား ၂ စီးတော့ ထိသွားတယ်။ ၆ ယောက်သေတယ်လို့ ဖရဲသီးသတင်းကနေတစ်ဆင့် သိရတယ်။ ကား ၂ စီးထိတယ်။ကား ကထိုးရပ်သွားပြီး ဒီကောင်တွေ ရမ်းပစ်ကြတာ။ ကျနော်တို့လည်း ပြန်ဆုတ်လာခဲတယ်”ဟု Black Cobra Force Pakokku အဖွဲ့ခေါင်းဆောင် ကိုငန်းနက်က ပြောသည်။
စစ်သားများသေဆုံးထိခိုက်ခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
အဆိုပါတိုက်ခိုက်မှုကို မြိုင်(ပကဖ)တပ်ရင်း-၁ နှင့်Black Cobra Force Pakokku တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုအပြီးတွင် အနီးရှိ ကင်းပုန်းဝပ်နေသာ အင်အား ၁၀၀ ခန့် စစ်သားနှင့်ပျူစောထီးများက ကန်တော်ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး မီးလောင်ကျွမ်းမှုအခြေအနေကိုမူ အတည်မပြုနိုင်သေးပေ။
ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း Black Cobra Force Pakokku နှင့် မြိုင်(ပကဖ)တပ်ရင်း-၁ တို့ပူးပေါင်းပြီး စစ်ကား ၆ စီးပါ စစ်ကောင်စီ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။