မေလ ပထမပတ်အတွင်း ကလေး၊ ကဘော်၊ ဂန့်ဂေါအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CDF (KKG)မှ ရဲဘော်လေးဦးကျဆုံးခဲ့ကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။
CDF(KKG) တပ်ရင်း(၇)ရှိ တပ်စုမှူးရဲဘော် Dal Sin Mung မေ ၂ ရက်တွင်ကျဆုံးခဲ့ပြီး မေ ၄ ရက်တွင် တပ်ရင်း(၄)ရှိ ရဲဘော်နေလင်းအောင်၊ မေ ၆ ရက်တွင် တပ်ရင်း (၅) ရှိ ရဲဘော်အောင်လင်းထွန်းနှင့် မေ ၇ ရက်တွင် တပ်ရင်း(၄)မှ ပြန်ကြားရေးရဲဘော် Ya Ya Kam တို့ ရှေ့တန်းနေရာများတွင် ကျဆုံးသွားခဲ့ကြခြင်းဖြစ်သည်။
“ တပ်ရင်း(၇)ကတော့ တောင်ပေါ်တိုက်ပွဲ၊ ZRA နဲ့တိုက်တဲ့အချိန်မှာကျသွားတာပေါ့နော်။ တပ်ရင်း(၄)နှစ်ယောက်ကတော့ မိုင်းမတော်တဆ။ စစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက် ကျတော်တို့ဘက်ကမိုင်းတပ်ဆင်တဲ့အချိန်မှာ မတော်တဆဖြစ်သွားတာ။ တပ်ရင်း(၅)က ရဲဘော်ကတော့ ကျတော်နဲ့အတူ ဒရုန်းနဲ့ Drop ဗုံးချဖို့လုပ်တဲ့အချိန်မှာ မတော်တဆ Drop ဗုံးကကျသွားတာ” ဟု CDF (KKG)၏ ပြန်ကြားရေးတာဝန်ခံက MPA ကိုပြောသည်။
ဧပြီ ၅ ရက်မှစပြီး စစ်ကောင်စီက ကလေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုး၍ ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက်ရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေကြောင်းသိရသည်။
ထိုသို့စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံသောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရပြီး ဆေးဝါးအကူအညီများလိုအပ်လျက်ရှိကြောင်း ကလေးမြောက်ပိုင်းဒေသခံအမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
“ စစ်ရှောင်တွေကများတယ်၊ အနှံ့ပဲ။ တော်တော်များများကတော့ သူတို့ပိုင်ရာဆိုင်ရာလယ်တောတွေမှာ နေကြတာများတယ်၊ တဲတွေမှာလေ။ တချို့ကတော့ ဘေးလွတ်ရာရွာတွေကဘုရားကျောင်းတွေမှာနေကြတယ်။ အဓိကတော့ ဆေးဝါးတွေလိုအပ်တယ်နော။ ဖျားတာနာတာတွေရှိကြတယ်။ ဆေးဝါးက ဘာမှဝယ်မရတော့ဘူး။ လမ်းကြောင်းတွေလည်းပိတ်သွားပြီ” ဟု ၎င်းကရှင်းပြသည်။
ထို့ပြင် ကလေးမြောက်ပိုင်းတွင် ဧပြီလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ(၃၀)ကျော် သေဆုံးခဲ့ရကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။