PDF တပ်ဖွဲ့ ရန်ပုံငွေ ကျပ်သိန်း၈၀၀ကျော် ယူဆောင်ကာ ပခုက္ကူမြို့နယ်၊ကန်တော်ရွာသို့ ပြန်သော စစ်သားတင် ကားနှစ်စီး မိုင်းဆွဲခံရပြီး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ယနေ့(မေလ ရှစ်ရက်)နံနက် ငါးနာရီခွဲခန့်တွင် မကွေးတိုင်း၊မြိုင်မြို့နယ်၊ကံသစ်ရွာနှင့် ကံသစ်ရွာအနီး ရှိ Black Cobra Force စခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် စခန်းမှ ကားတစ်စီး နှင့် ရွာအတွင်းရှိ ပြည်သူတစ်ဦးပိုင် ကားတစ်စီး အား ယူဆောင်ကာ ယင်းကားများပေါ် လုယက်ထားသော ပစ္စည်းများတင်၍ ပြန်လည်ထွက်ခွာစဉ် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း Black Cobra Force ထံက သိရသည်။
“ သူတို့(စစ်သားများ) ပြန်သွားတော့ မိုင်းတစ်လုံး ဆွဲလိုက်နိုင်တယ်။ အဲမှာ သူတို့ယူသွားတဲ့ ကျတော်တို့ စခန်းက ကားတစ်စီးနဲ့ ရွာက တစ်စီးကတော့ မီးလောင် ပျက်စီးသွားတယ်။ဒါပေမဲ့ ၊အဲထဲမှာ ကျတော်တို့ဆီက ယူသွားတဲ့ ရန်ပုံငွေတွေ မီးထဲပါသွား၊မသွားတော့ မသိဘူး” ဟု Black Cobra Force အဖွဲ့ တာ၀န်ခံ ရဲဘော်ဒေါက်တာက MPAသို့ ပြောသည်။
ယနေ့ မွန်းလွဲ နှစ်နာရီကျော်တွင် ကံသစ်ကျေးရွာမှ ကန်တော်ရွာဘက်သို့ ပြန်လည် ဆုတ်ခွာလာသော ယင်းစစ်ကြောင်းကို ကံသစ်ရွာ အထွက်၌ Black Cobra Force အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားနှင့် ပျူစောထီးတို့ သေဆုံး၊ထိခိုက်မှု ရှိ၊မရှိ အတည်မပြုနိုင်သေးပေ။
“ ကျတော်တို့ စခန်းက ကားတစ်စီး ရယ်၊ ငွေသား သိန်း၈၀၀ ရယ်၊ ကျည်တွေနဲ့ လက်လုပ်သေနတ်တွေ ပါသွားတယ်။ ရွာထဲကလည်း ပြည်သူ ကားတစ်စီးနဲ့ တခြား ငွေသားတွေ၊ ပစ္စည်းတွေ ကားနဲ့ သယ်သွားတယ်” ဟု ရဲဘော် ဒေါက်တာက ဆက်လက် ပြောသည်။
ယင်းစစ်ကြောင်းသည် ကံသစ်ရွာထဲ၌ အသက်၄၅နှစ်ခန့် အရွယ်ရှိ ဒေသခံအမျိုးသားနှစ်ဦးကို သတ် ဖြတ်ခဲ့ပြီး ပြည်သူ၃၀ခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“ ပြည်သူတွေလည်း ရုတ်တရက် ၀င်အစီးခံရတော့ အကုန် လွတ်လွတ်ကျွတ်ကျွတ်ပြေးချိန် မရလိုက်ဘူး။ အဲဒါကြောင့် အဖမ်းခံလိုက်ရတာ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့အပြင် ကံသစ်ကျေးရွာမှ ပြည်သူနေအိမ် ၁၃ လုံးကိုလည်း မီးရှို့ ဖျက်ဆီးသွားပြီး ဆိုင်ကယ် ရှစ်စီးကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
“ နေအိမ် ၁၃ အိမ် မီးရှို့သွားတယ်။ ဆိုင်ကယ်တွေလည်း ယူသွားတယ်။ ပြည်သူတွေကတော့ ရွာထဲ ပြန်မ၀င်ရဲကြသေးဘူး” ဟု We love myaing ( မြိုင်အခြေပြု ထောက်ပို့အဖွဲ့ ) မှ တာ၀န်ရှိသူ တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသော ပြည်သူ၃၀ခန့်တို့သည် ယနေ့ ညဦးပိုင်းအထိ ပြန်မလွတ်သေးသလို မည်သည့်နေရာ တွင် ဖမ်းဆီးထားကြောင်းလည်း မသိသေးပေ။
ကံသစ်ကျေးရွာမှာ အိမ်ခြေ ၁၄၀ ကျော် ရှိ၍ ပြည်သူ ၅၀၀ နီးပါး ရှိကာ ဒေသခံတို့မှာ ယနေ့ညအထိ ကျေးရွာအတွင်းသို့ ပြန်လည် မ၀င်ရောက်သေးဘဲ နီးစပ်ရာ တောတိုက်များအတွင်း၌သာ ရှောင်တိမ်းနေထိုင်နေကြကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် မေလခုနှစ်ရက်ညက ပခုက္ကူမြို့ တပ်မ ၁၀၁မှ ကန်တော်ရွာသို့ ကားနှစ်စီးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ယနေ့နံနက်တွင် စစ်သားနှင့် ပျူစောထီးစုစုပေါင်းအင်အား ၇၀ ခန့်ဖြင့် ကံ သစ်ရွာနှင့် PDF စခန်းကို လက်နက်ကြီးငယ် ပစ်ခတ်ကာ ဝင်စီးခြင်းဖြစ်သည်။
Black Cobra Force သည် ဒေသတွင်း LPDF တပ်ဖွဲ့ဖြစ်ပြီး ကမ္မတပ်ပေါင်းစုအဖွဲ့ဝင်လည်း ဖြစ်သည်။