ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒေသခံ PDF တို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်သား သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း သိရသည်။
ယနေ့(မေလ ရှစ်ရက်) နံနက် ၁၂ နာရီကျော်တွင် လက်ပံတန်းမြို့နယ်၊ကွမ်းခြံကျေးရွာ စစ်ဆေးရေးဂိတ်စခန်းကို ဒေသခံPDFတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်အမှတ်သုံး တပ်ရင်း (Myanmar Defense Force)ထံက သိရသည်။
“ကျတော်တို့ ဝင်ပစ်ခဲ့တာ သုံးကောင်ကျတယ်။သုံးကောင်ထိတယ်။အားလုံးအေးဆေး ပြန်ဆုတ်နိုင်ခဲ့တယ်” ဟုသာယာဝတီခရိုင် အမှတ်သုံးတပ်ရင်း၏ တပ်ရင်းမှူးက MPA သို့ ပြောသည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် သေဆုံးနှင့် ဒဏ်ရာရ စစ်သားများကို လက်ပံတန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
“ညက ဂိတ်ကို မစီးခင် သူတို့ဘက်က ကြိုတင်ပြင်ဆင်ထားပုံရတယ်။ ကွမ်းခြံရွာထိပ်ဂိတ်ပေါ့။ ကျတော်တို့ကလည်း အဝေးကနေပဲ ပြန်ပစ်ခဲ့ရတယ်။ညတွင်းချင်း လူနာတင်ကား ရောက်လာတယ်” ဟု ရွှေတန်းမြေကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကပြောသည်။
ယင်းဂိတ်စခန်းကို PDFတပ်ဖွဲ့အချို့က အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့အချို့က စစ်ကူမလာရန် ကာပစ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ်နှစ်တပ်ရင်း၏ တပ်ခွဲ(နှစ်၊သုံး၊ခြောက်)၊ MBDF (မြေလတ်ဗမာကာကွယ်ရေးတပ်) နှင့်သာယာဝတီခရိုင်အမှတ်သုံး တပ်ရင်း(Myanmar Defense Force)နှင့် ရွှေတန်းမြေကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။