မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ဇီးဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။
မေလ ခုနှစ်ရက်၊ နံနက် လေးနာရီခွဲခန့်က မတ္တရာမြို့နယ်၊ တံငါကျေးရွာမှ ထွက်လာသော အင်အား ၅၀ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇီးဖြူကုန်းကျေးရွာသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ငါးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း မတ္တရာမြို့နယ်ပကဖထံကသိရသည်။
“ တိုက်ပွဲတော့မဖြစ်ဘူး။ သူတို့အနေနဲ့က ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက် နေထိုင်တယ်ဆိုတဲ့ သတင်းနဲ့ စစ်ကြောင်းထိုးတယ်လို့ ယူဆရတယ်” ဟု မတ္တရာမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPAသို့ ပြောသည်။
ယင်းစစ်ကြောင်းကြောင့် ဇီးဖြူကုန်းကျေးရွာအပါအဝင် ကျေးရွာခြောက်ရွာမှ ပြည်သူ ၈၀၀ ခန့် အရေးပေါ် စစ်ဘေးရှောင်ခဲ့ရသော်လည်း ဖမ်းဆီးသတ်ဖြတ်ခံရခြင်း မရှိကြောင်း ဒေသခံတစ်ဦး ကပြောသည်။
“ ယာယီတော့ရှောင်ခဲ့ရတာပေါ့။ ခုတော့ အေးသွားပါပြီ” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် ဇီးဖြူကုန်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် နံနက် ၁၀နာရီဝန်းကျင်တွင် တံငါကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
စစ်ဘေးရှောင်ပြည်သူတို့သည် မေလ၇ရက်နေ့မှာပင် မိမိတို့ရပ်ရွာသို့ ပြန်လည်ဝင်ရောက် နေထိုင်ကြ ပြီဖြစ်ကြောင်း သိရသည်။