စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့တွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၁၂ ဘီးကားတစ်စီးဖြင့် ရွှေဘိုမြို့ဘက်သို့ ထွက်ခွာလာစဉ် ဒေသခံတော်လှန်ရေးအင်အားစုများ၏ မိုင်းဆွဲတိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုကို ယနေ့ နံနက် ၈ နာရီခန့်တွင် ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ ဗိုလ်နေမင်းနှင့် ဗိုလ်ရေးဝေးဦးဆောင်သော တပ်စုနှင့် ဒေသခံ ပကဖများကပူးပေါင်း၍ ပဒေသာမိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၂ ဘီးကားမှာ မိုင်းထိမှန်ပြီး လမ်းဘေးသို့ ထိုးရပ်သွားသည်ဟု သိရှိရသည်။
“ဒီကောင်တွေ လိုက်ပါစီးနင်းလာတာပါ။ ရွှေဘို၊ မန္တလေးလမ်းမကြီးပေါ် တပ်စွဲထားတာဆိုတော့ သူတို့အဝင်အထွက်ကတော့ အမြဲရှိတယ်” ရွှေဘိုခရိုင် တပ်ရင်း ၂၃ ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်ရန်ကြီးက MPA သို့ ရှင်းပြသည်။
ရွှေဘိုခရိုင် တပ်ရင်း ၂၃ ၏ ထုတ်ပြန်ချက်တွင် ထို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူများလည်းရှိပြီး စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသည်ဟု ဆိုသည်။
ရွှေဘိုခရိုင် တပ်ရင်း ၂၃ တပ်ရင်းမှ ရဲဘော်များနှင့် မဟာမိတ်ညီနောင်များအနေဖြင့် အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးထားသည်။