မွန်ပြည်နယ်၊ ရေးမြို့နယ်ကို မည်သို့သောပုံစံဖြင့် အုပ်ချုပ်သည်ဖြစ်စေ စစ်ကောင်စီကို အလွတ်မပေး၊အလစ်မပေးဘဲ တော်လှန်သွားမည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားလိုက်သည်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် အရှေ့တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးအား မွန်ပြည်နယ်၊ရေးမြို့နယ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉အရ အပ်နှင်းလိုက်ကြောင်း ကြေညာခဲ့ခြင်းနှင့်ပတ်သက်၍ ရေးဘီလူးခေါင်းဆောင်က ထိုသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီ စတင် အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်မှ စတင်၍ ရေးမြို့နယ်သည် စစ်ကောင်စီအုပ်ချုပ်ရေးအောက်တွင် ရှိသည်ဟုသာမြင်ပြီး မည်သို့မျှ ပြောင်းလဲမှုမရှိကြောင်းလည်း ၎င်းကပြောသည်။
“ ၂၀၂၁ ကတည်းက ဒီအုပ်ချုပ်ရေးစနစ်က လည်ပတ်နေတာပဲ။ ကျွန်တော်တို့အနေနဲ့ ရှည်ရှည်ဝေးဝေးပြောဖို့တော့ မရှိဘူး။ ဘယ်လိုပုံစံမျိုးပဲ အုပ်ချုပ် အုပ်ချုပ် ကျွန်တော်တို့တွေက တော်လှန်သွားမယ်။ မရရတဲ့နည်းနဲ့ကို ချမယ်။ ဒီကောင်တွေကို အလွတ်မပေးဘူး။ အလစ်မပေးဘူး။ လစ်ရင်လစ်သလိုဆော်မှာ ဒီ့ထက်မက ကြီးမားတဲ့ သက်ရောက်မှုမျိုးတွေ ပြုလုပ်ဖို့ ပြင်ဆင်ထားတယ်။ နောက်တစ်ခုက ခွေးတွေနဲ့ပျူတွေအကုန်လုံး ရဲခွေးတွေရော အကုန်လုံးကို တပြိုင်တည်း သုတ်သင်ရှင်းလင်းနိုင်ရန် အများကြီးပြင်ဆင်ထားတာမျိုးတွေရှိတယ်ဗျ။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော့်အနေနဲ့က ဂရုကိုမစိုက်တာဗျ။ဘယ်ကောင်ပဲတက်တက် အောင်လင်းဒွေးမကလို့ အောင်လင်းဒွေးအဘ မင်းအောင်လှိုင်ပဲလာလာမွန်ပြည်နယ်ထဲကို ကျွန်တော်တို့ကဆော်မှာပဲ” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကပြောသည်။
စစ်ကောင်စီက ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေး စတင်ကြောင်း ကြေညာလိုက်သဖြင့် ဒေသခံများစိုးရိမ်နေကြကြောင်း ရေးမြို့နယ်အတွင်း နေထိုင်သူတစ်ဦးကပြောသည်။
“ အစ်မတို့တော့ စိုးရိမ်ရပြန်ပြီ။ ရွာမှာတင် ရန်သူက ဝိုင်းနေတာ။ညညဆို ရွာမှာ စစ်သားတွေက လျှောက်သွားနေတယ်” ဟု၎င်းကပြောသည်။
စစ်ကောင်စီက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများဖြစ်သည့် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉အရ အပ်နှင်းလိုက်ကြောင်းလည်း ယမန်နေ့က ကြေညာခဲ့သည်။