ပခုက္ကူမြို့ ဂျင်ဝိုင်းကနေ ပြန်လာသည့် ကမ္မမြို့နယ်လျှပ်စစ်မှူးနှင့်ပျူစောထီး၅ဦးကို ပစ်ခတ်ခဲ့ရာ ပျူ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကမ္မမြို့နယ်လျှပ်စစ်မှူးနှင့်အတူလိုက်ပါလာသည့်ပျူစောထီးများမှာ မြိုင်မြို့နယ်၊တွင်းမရွာကဖြစ်ပြီး ဖေဖော်ဝါရီ ၁ရက်နေ့ ညနေ ၆နာရီ က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်ပကဖ ထံက သိရသည်။
၎င်းတို့သည် ပခုက္ကူမြို့ဂျင်ဝိုင်းမှကမ္မမြို့သို့ ကားနှစ်စီးဖြင့် ပြန်လာစဉ် မြိုင်မြို့နယ် ပကဖ၊တပ် ရင်း ၁က ပစ်ခတ်ခဲ့ကြောင်း မြိုင်မြို့နယ် ပကဖတာဝန်ခံက ဆိုသည်။
” ကျနော်တို့ ရပ်တန့်စစ်ဆေးချိန် တိုက်မလို့လုပ်ပြီး ထွက်ပြေးချိန်ပစ်ခတ်ခဲ့တာပါ၊ သူတို့ကိုဂျင်ဝိုင်းကနေပြန်လာတယ်လို့ သတင်းရထားပြီးကတည်းက စောင့်နေခဲ့တာ” ဟု၎င်းက ဆိုသည်။
ယင်း ပစ်ခတ်မှုကြောင့် မြို့နယ်လျှပ်စစ်မှူးနှင့်ပျူစောထီး၃ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ပျူစောထီး နှစ်ဦးသေဆုံးခဲ့သည်။
သေဆုံးသွားသည့် ပျူစောထီးနှစ်ဦး၏ အလောင်းနှင့်ကားမှာ ကမ္မနှင့် ကန်တော်ကြား၌ ရှိနေပြီး အလောင်းလာသယ်သည့် စစ်သားများကို ယနေ့တွင် ဒရုန်းဖြင့် ထပ်မံပစ်ခတ်ခဲ့ခြင်းကြောင့် အလောင်းယူမသွားဘဲ ထားခဲ့ကြောင်း ၎င်းကပြောသည်။
” သူတို့လာယူတယ်၊ကျနော်တို့ အဖွဲ့တွေလည်းလုံခြုံရေးချထားတာကိုသူတို့သိပုံရတယ်၊ဒရုန်းနဲ့အီနာဂါချလိုက်တော့အလောင်းထားပြီးထွက်ပြေးကြတယ်၊ညဘက်တွေတော့ပြန်လာယူနိုင်သေးတယ်” ဟု၎င်းကဆိုသည်။
ကားဘေးမှာ မြို့နယ်လျှပ်စစ်မှူးရဲ့ဖုန်းကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ကမ္မမြို့နယ်လျှပ်စစ်မှူးသည် လောင်းကစားရှုံးပါက လျှပ်စစ်မီတာခကိုဆက်ကြေးကောက်ခံသလိုကောက်ခံသူဖြစ်ကြောင်း၎င်းကဆက်လက်ပြောသည်။