စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းနှင့် စစ်သားများ တပ်စွဲထားသော စာသင်ကျောင်းကို ဒေသကာကွယ်တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီ ၂၁ မိနစ်ခန့်တွင် မြင်းမူမြို့မရဲစခန်းနှင့် စစ်သားအင်အား ၅၀ ခန့် တပ်စွဲထားသော အထက (၁) စာသင်ကျောင်းတို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ၆ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ရဲလိုင်းခန်းပေါ်သို့ ၆ ချက်စလုံး ကျရောက်ပေါက်ကွဲခဲ့ကာ လိုင်းခန်းများ ပျက်စီးပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း စုံစမ်းနေဆဲဖြစ်ကြောင်း People’s Army To Fight Dictatorship (PAFD ) ကထုတ်ပြန်သည်။
“စာသင်ကျောင်းနဲ့ ရဲစခန်းနဲ့က တစ်ဆက်တည်းလိုရှိတာဗျ။ ရဲစခန်းလိုင်းခန်းပေါ် ၆ ချက် စလုံးကျတယ်။လိုင်းခန်းတွေ တော်တော်များများ ပျက်စီးကုန်တယ်။ အရင်ရက်က ပစ်တာလည်း ရဲလိုင်းခန်းပေါ်ကျရောက် ပေါက်ကွဲတာ။ နယ်ထိန်းခေါင်းဆောင် အိမ်ပေါ်ကျတယ်။ မြင်းမူမြို့ပေါ်က စစ်ခွေးတွေလည်း မြို့ပေါ်မှာ မနေရဲတော့ဘဲ အခြားနေရာကို ရွှေ့သွားတယ်”ဟု PAFD တာဝန်ရှိသူ ကိုတေဇ ကပြောသည်။
တိုက်ခိုက်မှုအပြီးတွင် ရဲစခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်နေပြီး မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများသည်လည်း တပ်ဖြန့်ပြီး မြို့အနှံ့ ကင်းပုန်းဝပ်နေကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship-PAFD နှင့် မဟာမိတ်တပ်ဖွဲ့များကြဖြစ်ကြသော DK PDF (MMU)၊ People’s Knight Defense Force(PKDF-MMU)၊D.DB.B.F(MMU)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မြင်းမူမြို့ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ လက်နက်ကြီးပေါက်ကွဲသံများ ရဲစခန်းဘက်၌ ကြားရပြီး ထိခိုက်ပျက်စီးမှုမရှိဟု ဆိုသည်။
“ဒီနေ့ မနက်ပိုင်းမှာ စစ်ဆေးမှုတွေရှိနေတယ်။ မြို့အနှံ့လည်း ကင်းပုန်းတွေ ဝပ်နေကြတယ်။ ၁၀ နာရီကျော်သည်ထိ စစ်ဆေးမှုတွေမရပ်သေးဘူး”ဟု PKDF-MMU မှ ဗိုလ်အေးချမ်းက ပြောသည်။
ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ကလည်း People’s Army To Fight Dictatorship-PAFD၊People’s Knight Defense Force Myinmu နှင့် မဟာမိတ်တပ်ဖွဲ့များက မြင်းမူမြို့ စစ်အုပ်စုပစ်မှတ်ကို ပူးပေါင်းပစ်ခတ်ခဲ့သေးသည်။