“ ဒီသင်တန်းက လေလွင့်နေတဲ့ လူငယ်တွေကို ပညာရေးလမ်းပြပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်။ ပြီးတော့ ဒီအချိန်အခါမှာ သိတဲ့အတိုင်းပဲ ကျွန်တော်တို့ တိုင်းပြည်က ကမောက်ကမဖြစ်နေတယ်ဆိုတော့ လူငယ်တွေရဲ့ အနာဂတ်လည်း ပျောက်ဆုံးနေတယ်လေ။ ဒီလူငယ်တွေကို ပညာရေးနဲ့ လမ်းကြောင်းဖွင့်ပေးချင်တဲ့ ရည်ရွယ်ချက်ပါ”
ကရင်နီပြည်နယ်ရှိ ဂေးဖိုးဒူပညာလေ့လာသင်ယူရေး သင်တန်းကျောင်းနှင့်ပတ်သက်ပြီး သင်တန်းကျောင်း ဒါရိုက်တာအဖြစ်တာဝန်ယူထားသူထံ MPA မှ ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေး လိုက်ပါသည်။
မေး – ဂေးဖိုးဒူ ပညာလေ့လာရေးသင်တန်းကျောင်းက ဘယ်လိုသင်တန်းကျောင်းအမျိူးအစားလဲ။
ဖြေ- လူငယ်တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကျောင်းတစ်ခုဖြစ်တယ်။
ဒီဂေးဖိုးဒူဒေသက လူငယ်တွေကို စုစည်းပြီး အမျိုးသားရည်မှန်းချက်၊ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ဖော်ထုတ်ပြီး လူငယ်တွေ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနဲ့ ပညာရေးအခွင့်အလမ်းဖော်ဆောင်ခြင်းလုပ်ငန်းများကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သင်တန်းကျောင်းပါ။ သင်တန်းပြီးရင် ကျွန်တော်တို့ Certificate လက်မှတ်လည်း ထုတ်ပေးပါတယ်။
မေး – ဒီသင်တန်းကျောင်းဖွင့်လှစ်တာကြာပြီလား။ သင်တန်းကာလအားဖြင့် အချိန်ဘယ်နှစ်လ ယူပြီး သင်ကြားပေးတာလဲ။
ဖြေ – ကျောင်းဖွင့်တာက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ဖွင့်ခဲ့တာပါ။ ကျွန်တော်တို့က သင်တန်းကာလကို ခြောက်လအများဆုံးအချိန်ယူပြီး သင်ကြားပေးပါတယ်။ အပတ်စဥ် ၁ ကိုတော့ ကျွန်တော်တို့ အချိန် ၃ လနဲ့ဘဲအချိန်ပေးပြီး သင်ကြားပေးခဲ့တယ်။ အပတ်စဥ် ၂ ကိုတော့ အချိန် ၅ လ ပေါ့။ အခုပတ်စဥ် ၃ ကိုတော့ ၆ လဖြစ်သွားမယ်။ ဘာလို့ဆို ကျွန်တော်တို့ အပတ်စဥ် ၁ နဲ့ ၂ အပေါ်အခြေခံပြီးတော့ သူတို့ရဲ့ အကြံပြုချက်တွေ ကျွန်တော်တို့ တွေ့ရှိချက်တွေကို အခြေခံပြီးတော့ သင်တန်းကာလကို နည်းနည်းဆွဲဆန့်တဲ့သဘောပါ။
မေး – ဆရာ၊ ဆရာမ ဘယ်နှစ်ယောက်နဲ့ သင်ကြားပို့ချပေးတာလဲ။ ဘယ်လိုဘာသာရပ်သင်ခန်းစာတွေကို သင်ကြားပေးတာလဲ။
ဖြေ – သင်တန်းကျောင်းမှာ စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမ (၇) ဦးရှိပါတယ်။ နောက်ပြီး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးဖို့ internship ပုံစံနဲ့ Volunteer ၅ ယောက်ခေါ်ထားပါတယ်။ အားလုံးပေါင်း (၁၂) ဦးရှိပါတယ်။ သင်ကြားပေးတာကတော့ အင်္ဂလိပ်စာ၊ ကရင်နီစာ၊ နိုင်ငံရေးဘာသာရပ်၊ လူမှုရေးသိပ္ပံ၊ ဝါးလက်မှုနှင့် ယဉ်ကျေးမှုအသုံးအဆောင်များ၊ စိုက်ပျိုးရေး(သဘာဝ၊ ဂေဟစနစ်)၊ အခြေခံကွန်ပျူတာ စတဲ့ ဘာသာရပ် (၇) ခုကို သင်ကြားပေးပါတယ်။
မေး – သင်တန်းသားတွေကို ရွေးချယ်တဲ့အပေါ်မှာရော ကန့်သတ်ချက်တွေရှိလား။ (ပညာအရည်အချင်းဘဲဖြစ်ဖြစ်) ဘယ်လိုမျိုး ရွေးချယ်သင်ကြားပေးတာလဲ။ လူဦးရေရော ကန့်သတ်ထားလား။
ဖြေ – ပညာရေးကို အရမ်းစိတ်ဝင်စားတဲ့ သူတွေကို ကျွန်တော်တို့ ပိုပြီးတော့ ဦးစားပေးသင်ကြားပေးပါတယ်။ ၁၀ တန်းအောင်ဘဲဖြစ်ဖြစ်၊ ၁၀ တန်းရှုံးဘဲဖြစ်ဖြစ်၊ အသက် ၁၆ နှစ်ကနေ အသက် ၂၅ နှစ်အကြားရှိ လူမျိုးမရွေးဘာသာမရွေးလျှောက်ထားလို့ရပါတယ်။ ကျောင်းသားဦးရေက ဒီအပတ်စဉ် ၃ မှာတော့ ၄၀ လောက်မှန်းထားတယ်။ အပတ်စဉ် ၂ မှာလည်း ၄၀ ခေါ်ယူခဲ့ပေမယ့် ၃၆ ယောက်ပဲ သင်တန်းပြီးတဲ့အထိ တက်ရောက်ခဲ့ကြတယ်။ အပတ်စဉ် ၁ မှာကတော့ လူဦးရေ ၃၀ သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရိက္ခာပိုင်းဆိုင်ရာကို ပြန်တွက်ချက်ပြီးတော့မှ အပတ်စဉ် တစ်ခုမှာ ကျောင်းသားဦးရေ ၄၀ လောက်ဘဲ အများဆုံးခေါ်နိုင်တယ်။ သင်တန်းသားတွေကို ကျောင်းအိပ်၊ ကျောင်စားခေါ်ယူတဲ့အတွက်ကြောင့်ပါ။
မေး – သင်တန်းရဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါအုံး။
ဖြေ – သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်က လေလွင့်နေတဲ့ လူငယ်တွေကို ပညာရေးလမ်းပြပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်။ ပြီးတော့ ဒီအချိန်အခါမှာ သိတဲ့အတိုင်းပဲ ကျွန်တော်တို့ တိုင်းပြည်က ကမောက်ကမဖြစ်နေတယ်ဆိုတော့ လူငယ်တွေရဲ့ အနာဂတ်လည်း ပျောက်ဆုံးနေတယ်လေ။ ဒီလူငယ်တွေကို ပညာရေးနဲ့ လမ်းကြောင်းဖွင့်ပေးချင်တဲ့ ရည်ရွယ်ချက်ပါ။
မေး – ဒီသင်တန်းက လူငယ်တွေအတွက် ဘယ်လောက်အထိအရေးပါတဲ့ သင်တန်းလို့ ယူဆသလဲ။
ဖြေ – လူငယ်တွေအတွက် အများကြီး အရေးပါတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ ဂေးဖိုးဒူသင်တန်းကျောင်းကနေ ပြီးခဲ့တဲ့ အပတ်စဉ် ၂ ခုမှာ သင်တန်းပြီးသွားတဲ့ သင်တန်းသား ၆၆ ဦး ရှိပြီ။ ဒီ ၆၆ ဦးထဲမှာဘဲ ကျွန်တော်တို့ ပညာရေးအခွင့်အလမ်း ပညာသင်ဆုဆိုတဲ့ scholarship ကို ရှာပေးနိုင်တာက ၁၀ ဦးလောက်ရှိပြီ။ ကျွန်တော်တို့ သင်တန်းကျောင်းက အခြေခံလောက်ဘဲ သင်ပေးနိုင်တယ်ဆိုပေမယ့် သူတို့ကျောင်းမှာ ကြိုးစားခဲ့တဲ့ဟာတွေ ဒီလောက်အဆင့်မှီတယ်၊ ဒီလောက်တော်တယ်ဆိုတဲ့ဟာအပေါ်မူတည်ပြီးတော့ ပညာရေးလမ်းကြောင်းကို တစ်ဆင့်ထပ်ရှာပေးတာမျိုးလည်း လုပ်ပေးပါတယ်။
မေး – ဒီသင်တန်းက အခု အပတ်စဉ် ၂ အထိ သင်တန်းပို့ချထားပြီးပြီလို့ သိရတယ်ပေါ့နော်။ အဲ့အပေါ်ရော ဆရာတို့ အနေနဲ့ မျှော်မှန်းထားတဲ့အတိုင်း ကျေနပ်အားရမှုရှိပြီလား။
ဖြေ – ကျေနပ်အားရမှု ရှိပါတယ်။ သင်တန်းပြီးသွားတဲ့ ကျောင်းသားတိုင်းဟာ သူတို့ကျေးရွာ၊ ရောက်နေတဲ့နေရာဒေသတွေမှာ ကလေးတွေကို စာပြန်သင်ပေးတာတို့ နောက်ပြီး ကျွန်တော်တို့နဲ့ လိုအပ်တဲ့နေရာတွေမှာ ဝိုင်းပြီး ကူညီပေးတဲ့ဟာတွေလည်း ရှိပါတယ်။
မေး – သင်တန်းအပတ်စဉ် ၃ ကိုရော ဘယ်တော့လောက်စတင် ဖွင့်လှစ်မှာလဲ။ သင်တန်းခေါ်ယူတဲ့ လျှောက်လွှာရော လက်ခံသေးလား။
ဖြေ – ဒီနိုဝင်ဘာလဝက်လောက်မှာ ဖွင့်နိုင်ဖို့တော့ လျာထားပါတယ်။ အပတ်စဉ် ၃ အတွက် သင်တန်းသားခေါ်ယူတဲ့ လျှောက်လွှာကတော့ ပိတ်ထားလိုက်ပါပြီ။
မေး – သင်တန်းပြီးမြောက်သွားတဲ့ သင်တန်းသားတွေအနေနဲ့ရော ဘယ်လိုအသက်မွေးဝမ်းကြောင်းပညာနဲ့ ရပ်တည်ကြတာများလဲ။
ဖြေ – သင်တန်းပြီး သူတို့ပြန်ပြီးရပ်တည်နေ၊ လုပ်နေကြတာကတော့ တချို့ကလည်း စီးပွားရေး တစ်နိုင်တစ်ပိုင်တွေလည်း လုပ်ကြတယ်။ ရပ်ရွာလုပ်ငန်းတွေလည်း လုပ်ကြပါတယ်။
မေး – သင်တန်းရဲ့ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုလေးတွေလဲ ပြောပြပေးပါဦး။
ဖြေ – သင်တန်းရဲ့ အခက်အခဲစိန်ခေါ်မှုကတော့ အများကြီးရှိပါတယ်။ နံပါတ် ၁ က လုံခြုံရေးပါ၊ နံပါတ် ၂ က လမ်းပန်းဆက်သွယ်ရေးပါ။ လုံခြုံရေးအခြေအနေက မတည်ငြိမ်မှုတွေ ဖြစ်နေတော့ လုံခြုံမှုဆိုတာက ကျွန်တော်တို့ ကရင်နီဒေသမှာ ကြုံတွေ့နေရတဲ့ အဓိက အခက်အခဲပါ။ လမ်းပန်းဆက်သွယ်ရေးကတော့ ကျွန်တော်တို့လူငယ်တွေရဲ့ ပညာရေးကို လုပ်ကို လုပ်ရမယ်၊ မဖြစ်မနေလုပ်ရမယ့် အရာတစ်ခုလို့ ခံယူထားတဲ့အတွက် ရင်ဆိုင်ပြီးဖြစ်အောင်လုပ်တယ်။ နောက်တစ်ခုကတော့ သင်ကြားရေးအထောက် အကူပစ္စည်းတွေပေါ့။ အထောက်အကူပစ္စည်းတွေကို ကျွန်တော်တို့ ပေါပေါသီသီမသုံးနိုင်ဘူး။ ဒါပေမဲ့ ရှိတဲ့ပစ္စည်းတွေနဲ့ ရသလောက်သင်ကြားပို့ချပေးပါတယ်။
မေး – နောက်ပြီး ကေးဖိုးဒူသင်တန်းကျောင်းက သင်တန်းသားတွေ ဖန်တီးထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ပြန်လည်ရောင်းချပြီး၊ လိုအပ်တဲ့ ပညာသင်ကြားရေးအထောက်အကူပစ္စည်းတွေဝယ်ယူတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။
ဖြေ – ကျွန်တော်တို့ ဒီပညာရေးအတွက် လုပ်နေတဲ့နေရာမှာ ကိုယ်ထူကိုယ်ထလုပ်ဆောင်ကြတာပါ။ အဓိကက မိဘတွေရဲ့ တောင်းဆိုချက်၊ လူငယ်တွေရဲ့ မြေပြင်အခြေအနေကိုကြည့်ပြီး ကျောင်းဖွင့်ဖို့ စီစဉ်ဖြစ်တာဆိုတော့ ကျောင်းအတွက် လိုအပ်တာတွေရယ် သင်ထောက်ကူပစ္စည်းတွေရယ်အတွက်ကို နီးစပ်ရာအသိမိတ်ဆွေတွေရဲ့ ပံ့ပိုးမှုနဲ့ လုပ်နေရတာဖြစ်တယ်။ နောက်ပြီး သင်ထောက်ကူပစ္စည်းက လိုသလောက်လည်းမရှိဘူး။ ရှိတာနဲ့ လုပ်နေရတာဆိုတော့ သင်တန်းမှာ လေ့ကျင့်သင်ကြားရင်း သင်တန်းသားတွေ ကိုယ်တိုင်လုပ်ထားတဲ့ပစ္စည်းတွေကို လိုအပ်တဲ့သင်ထောက်ကူပစ္စည်းတွေ ဝယ်ယူဖို့အတွက် အဆင်ပြေဖို့ ကျွန်တော်တို့ ယက္ကန်းကနေရတဲ့ အင်္ကျီတွေ၊ လွယ်အိတ်တွေကို ဂေးဖိုးဒူထုတ်ကုန်အနေနဲ့ ကျွန်တော်တို့ အသုံးပြုပြီးရောင်းတယ်။ ရလာတဲ့ ဝင်ငွေတွေကို သင်ထောက် ကူပစ္စည်းတွေ ပြန်ဝယ်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါကြောင့်မို့ တတ်နိုင်တဲ့သူတွေအနေနဲ့ ကျွန်တော်တို့ ကျောင်းရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး ကူညီပံ့ပိုးပေးလို့ရတယ်။ ဒီလိုကူညီပံ့ပိုးပေးခြင်းက သင်တန်းကျောင်းရပ်တည်ဖို့အတွက် အထောက်အကူအများကြီးဖြစ်စေပါတယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။
မေး – ဂေးဖိုးဒူထုတ်ကုန်အနေနဲ့ ဘယ်လိုပစ္စည်းတွေကို အဓိကထုတ်လုပ်ပါသလဲ။ ဈေးနှုန်းလေးလဲ ပြောပြပေးပါအုံး။
ဖြေ – ကျွန်တော်တို့ လောလောဆယ်တော့အင်္ကျီနဲ့ လွယ်အိတ်ကို ထုတ်ကုန်အနေနဲ့ ရောင်းချနေပါတယ်။ ဈေးတွေကတော့ အင်္ကျီတစ်ထည် ၂၀,၀၀၀ ကျပ်နဲ့ လွယ်အိတ်တစ်လုံး ၁၂,၀၀၀ ကျပ်ပါ။
မေး – ဒီသင်တန်းကျောင်းနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများရှိရင် ပြောကြားပေးပါအုံး။
ဖြေ – ကျွန်တော့်အနေနဲ့ ထပ်ပြီးဖြည့်စွက်ပြောချင်တာတော့ ထွေထွေထူးထူး မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဂေးဖိုးဒူပညာလေ့လာသင်ယူရေးသင်တန်းကျောင်းအနေနဲ့ တတ်နိုင်သမျှလူငယ်တွေရဲ့ စွမ်းဆောင်ရည်မြှင့် တင်ဖို့နဲ့ ပညာရပ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်လို့ပဲပြောချင်ပါတယ်။