လက်ရှိတွင် မဟာမိတ် သုံးဖွဲ့ ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA), တအောင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်စမ်းသပ်ပစ်ခတ်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းထံ MPAမှ ဆက်သွယ်မေးမြန်းထားသည်များအား ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး – ရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်တွင်းမဟုတ် တခြားဒေသမှာ စစ်ဆင်ရေးပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးအနေနဲ့ ဘယ်လိုမျိုး မှတ်ချက်ပြုချင်ပါလဲ။
ဖြေ – ULA/AAရဲ့ ပေါ်လစီကလည်း တစ်မျိုးဗျ။ ပြည်မမှာကျတော့ မဟာမိတ်တွေနဲ့ တိုက်တယ်။ ပြည်တွင်းမှာကျတော့ ရပ်စဲထားတယ်ပေါ့။ တစ်ဖက်မှာကျတော့လည်း PDFတွေ CDMတွေနဲ့ ပတ်သက်ပြီးကျတော့လည်း အားပေးတယ်။ NUGနဲ့လည်း ဆွေးနွေးတယ်။ PDFတွေကို သင်တန်းပေးတာတွေကိုလည်း ပေါ်တင်ပဲ လုပ်တယ်။ ပြည်တွင်းမှာကျတော့လည်း ကိုယ့်ပြည်သူတွေ ထိခိုက်နစ်နာမှာစိုးပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုတဲ့ တိုက်ပွဲတွေ ရပ်စဲခဲ့တယ်။ တော်တော့်ကိုလည်း ဒုက္ခရောက်ခဲ့ကြတယ်။ အဲ့လိုမှ မလုပ်ရင်လည်း ပြည်သူကလည်း ဒုက္ခရောက်မယ့် အနေအထားမျိုးမှာ ရှိတယ်။
နောက်တစ်ခုက စစ်ကောင်စီအနေနဲ့ကလည်း မတိုက်ချင်ပါဘူး။ တိုက်ချင်ရင်လည်း တိုက်ပြီးနေပြီပေါ့။ တစ်နိုင်ငံလုံးကို စစ်မျက်နှာဖွင့်ဖို့ဆိုတာကလည်း သူ့(စစ်ကောင်စီ)အတွက် မလွယ်လှဘူး။ အထူးသဖြင့် ရခိုင်စစ်မျက်နှာကလည်း သူတို့အတွက် ကနဦးပိုင်း အစောပိုင်းတည်းက ပြင်းပြင်းထန်ထန်နဲ့ အထိအခိုက် အကျအဆုံးများခဲ့တယ်။ ဒီစစ်မျက်နှာကိုတော့ စစ်ကောင်စီကလည်း ထပ်ပြီး နောက်တစ်ခါ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။
မေး – ရက္ခိုင့်တပ်တော် (AA) အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးပြုလုပ်နေတဲ့ အကျိုးဆက်က ရခိုင်ပြည်တွင်းမှာ ဘယ်လိုအကျိုးသက်ရောက်မှုမျိုးတွေ ရှိလာနိုင်မလဲ။
ဖြေ – ရခိုင်ပြည်တွင်းမဟုတ်ဘဲ တခြားဒေသမှာရှိတဲ့ ULA/AA စခန်းကို လက်နက်ကြီးနဲ့ တိုက်လို့ သေကြေဒဏ်ရာ ရတယ်ဆိုတာကလည်း အဲ့ဒီဘက်ရဲ့ အကျိုးဆက်လို့ပဲ ULA/AA ကလည်း မှတ်ယူလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒီအကျိုးဆက်ကြောင့် ရခိုင်ပြည်ဘက်မှာ သေနတ်သံ ပေါက်လာမလားဆိုတာကတော့ သေချာတော့ ပြောလို့မရဘူးပေါ့။ ဟိုဘက်၊ ဒီဘက် အကန့်ခွဲပြီးတော့ လုပ်နေတဲ့ သဘောဖြစ်တယ်။ တိုက်ပွဲတွေကလည်း မဟာမိတ်တွေနဲ့ တိုက်တဲ့ပွဲဖြစ်လို့ အကျိုးဆက်ကလည်း အဲ့ဒီဘက်မှာခံရကောင်း ခံရနိုင်တယ်။ ဒါပေမယ့် အဲ့ဒီအကျိုးဆက်ကြောင့် ရခိုင်ပြည်မှာ မီးခိုးမှာ မဟုတ်ဘူး။ ရခိုင်ပြည်မှာ အခြေအနေက စစ်ကောင်စီအနေနဲ့ နှစ်ဘက်သဘောတူ ရပ်စဲထားတဲ့ အချက်တွေကို ချိုးဖောက်ပြီးတော့မှ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်လာမယ်ဆိုရင်တော့ တိုက်ပွဲက ဖြစ်လာမှာပေါ့။
မေး – ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်ကွာခြားချက်တွေကိုရော ဘယ်လိုမျိုး သုံးသပ်ပါသလဲ။
ဖြေ – ULA/AA ဘက်က ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို တော်တော့်ကို မော်ဒယ်လ်မြင့်မြင့်နဲ့ လိုချင်တာပေါ့။ သူတို့ပြောခဲ့တာတော့ မဟာဗျူဟာကျတာမျိုးလိုချင်တယ်လို့ ပြောခဲ့တာမျိုးတော့ ရှိတယ်။ စစ်ကောင်စီဘက်ကကျတော့ ဖက်ဒရယ်နိုင်ငံကိုတည်ထောင်မယ်လို့ ပြောပေမယ့် လက်တွေ့မှာ ဘာမှ သူ့အနေနဲ့ လုပ်မပေးနိုင်ဘူး။ ဘက်ဂျက်ခွဲဝေမှုကအစ မဖြစ်စလောက်နဲ့ အရင်ကထက်ကို နည်းသွားတာမျိုးဆိုတော့ ဘယ်လိုမှ ယုံကြည်လို့မရတဲ့ အနေအထားမျိုးပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စိတ်ထဲမှာကျတော့ ငါတို့မှာ သေနတ်အင်အားမရှိရင် စစ်အင်အားမရှိရင် စစ်ကောင်စီက လူရာမသွင်းဘူး။ အခုမှ အင်အားရှိမှပဲ လူရာသွင်းဆက်ဆံတယ်။ ခန့်ညားတယ်ပေါ့။ အဲ့ဒီလိုမျိုး တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ပိုပိုပြီး ခိုင်မာလာတယ်။ အဲ့ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ပိုပြီး အင်အားကြီးအောင်လုပ်လာတယ်။ ပိုပြီးတော့ ပြည်သူတွေရဲ့ ယုံကြည်မှုရအောင်လုပ်လာကြတယ်။ နောက်ပိုင်းမှာ ပြည်မက နိုင်ငံရေးအင်အားစုတွေ၊ PDFတွေနဲ့ NUGတို့ပါ ပေါ်လာတဲ့အခါမှာ ပိုပြီးတော့ အင်အားတွေနဲ့ စိတ်ဓါတ်ခွန်အားတွေ ရလာကြတယ်။ အဲ့ဒါကြောင့် ရခိုင်အပါအဝင် တိုင်းရင်းသားတွေကတော့ လက်နက်ကိုင်အင်အားကိုပဲ အဓိက တည်ဆောက်နေကြတယ်။ ရခိုင်မှာကလည်း လက်နက်ကိုင်အင်အား အလုံအလောက်ရှိတယ်လို့ ဗိုလ်ချုပ်ထွန်းမြန်နိုင်ကလည်း ပြောထားပြီးသားဖြစ်တယ်။ အဲ့ဒီအင်အားနဲ့ ရခိုင်ပြည်က သူတို့ ထိန်းချုပ်နယ်မြေဧရိယာကို ထိန်းချုပ်နေတာပေါ့။ ရခိုင်လူငယ်၊ လူရွယ် ပညာတက်တွေကလည်း ပူးပေါင်းလာကြတယ်။ ပြည်သူတွေကလည်း ရာခိုင်နှုန်းအပြည့်နီးပါး ထောက်ခံနေကြတာလည်းရှိတယ်။
စစ်ကောင်စီကလည်း နိုင်ငံရေးဆွေးနွေးမှုကို မလုပ်ဘဲနဲ့ နောက်လာမယ့် အစိုးရမှာပဲ ဆွေးနွေးပါ။ လွှတ်တော်မှာပဲ ပြောပါလို့ဆိုပြီး NCAအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို သူတို့နဲ့ ဆွေးနွေးဖို့ သူတို့ကို ဝန်းရံပံ့ပိုးဖို့ သူတို့ရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်အောင်ပဲ သူတို့ဘက်က အသုံးချနေတာပဲ တွေ့နေရတယ်။ လက်တွေ့မှာ ဖက်ဒရယ်မပြောနဲ့ ဘက်ဂျက်လေးတောင် တိုးပြီး ပေးတာမရှိဘူး။ ဒါတွေဟာ ပါးစပ်နဲ့ပဲ ပြောနေတာ လက်တွေ့မပါဘူးပေါ့။ အဲ့ဒါကြောင့်လည်း တိုင်းရင်းသားတွေမှာက လက်နက်အင်အား စစ်တပ်အင်အားကသာ အာမခံချက် အစစ်ဖြစ်တယ်။ ဒါမှလည်း လိုချင်တာ တောင်းလို့ရမယ်ဆိုတာက သံမှိုစွဲနေတာဖြစ်တယ်။
မေး – လက်ရှိ ရခိုင်ပြည်တွင်း ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ စစ်ရေးအခြေအနေလေး သိပါရစေ။
ဖြေ – အခုလိုအခြေအနေမှာ ULA/AA ကလည်း သူ့ဟာနဲ့သူ အင်အားဖြည့်ပြီး ရပ်တည်နေတယ်။ စစ်ကောင်စီကလည်း တိုက်ပွဲလည်း မဖြစ်ဆိုတော့ အပြင်ကိုလည်း စစ်ဆင်ရေး မသွားနိုင်တော့ဘူး။ ULA စခန်းတွေကိုလည်း မတိုက်နိုင်တော့ဘူး။ သူ့စခန်းပတ်ပတ်လည်မှာလည်း ULA စခန်းတွေက ရှိနေတယ်။ မြို့မှာရော၊ နယ်မှာရောက သူတို့စခန်းကို ဝိုင်းပတ်ထားတာမျိုးရှိတယ်။
ဒီလိုအခြေအနေမှာ နောက်ဆုံးတိုက်ပွဲတစ်ခုကတော့ ဖြစ်လာမယ်ဆိုတာကို ပြည်သူတွေကလည်း ရင်တမမနဲ့ စောင့်ကြည့်နေတာဖြစ်တယ်။ ဖြစ်လာခဲ့မယ်ဆိုရင်လည်း ရခိုင်မှာက ပြည်သူတွေကို စစ်ရေးအရ ပြင်းပြင်းထန်ထန်လုပ်လာမယ့် အနေအထားမျိုးရှိတယ်။ အဲ့ဒီလိုအခြေအနေမှာ ပြည်သူက ပိုပြီးတော့ ဒုက္ခရောက်ကြမယ့် အနေအထားမှာ ရှိတယ်။ ကျွန်တော်တို့ ပြည်သူတွေကလည်း အဲ့ဒီအချိန်တစ်ချိန်ကိုတော့ ငါတို့ ဖြတ်ကျော်ရလိမ့်မယ်ဆိုပြီးတော့ စိုးရိမ်ပူပန်တာလည်း ရှိတယ်။ မျှော်လင့်တာလည်း ရှိတာပေါ့။ အဲ့ဒါကြောင့် ပြည်သူတွေကလည်း စစ်ရေးအတွေ့အကြုံတွေရှိထားတဲ့အခါမှာ အသင့်လုပ်ထားတဲ့ အနေအထားမှာ ရှိတယ်။ ဒီတိုက်ပွဲ ဖြစ်လာမယ့်အခါမှာလည်း တော်တော့်ကို ဒုက္ခရောက်ကြလိမ့်မယ်။ နောက်ဆုံးတိုက်ပွဲလည်း ဖြစ်သလို ပြည်သူတွေ တော်တော့ကို ထိခိုက်နစ်နာမှု အကြီးဆုံးဖြစ်မယ့် ပြင်းထန်တဲ့ တိုက်ပွဲဖြစ်တယ်လို့လည်း ပြည်သူတွေကလည်း ယုံကြည်ထားကြတယ်။
မေး – ရခိုင်ဒေသတွင်းမှာဆိုရင်လည်း လက်နက်ကြီး ပစ်ခတ်လေ့ကျင့်သံတွေကို ကြားနေရတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ – သူတို့(စစ်ကောင်စီ)ကတော့ မြေပြင်တပ်တွေတော့ ရှိတာပေါ့နော်။ အပြင်တော့ သိပ်မထွက်တော့ဘူး။ တခြားမှာပဲ အထိုင်များတယ်။ သင်တန်းကျောင်းတွေရှိတဲ့ နေရာတွေ၊ စစ်ပစ်ကွင်းတွေ ရှိတဲ့နေရာတွေ၊ လက်နက်ကြီးတပ် အထိုင်ရှိတဲ့နေရာတွေပေါ့၊ အဲ့လိုနေရာမျိုးတွေမှာ စစ်ရေးလေ့ကျင့်တဲ့သဘောရှိတယ်။ လက်နက်စမ်းတဲ့ သဘောရှိတယ်။ ဒီသဘောနဲ့ ပစ်ခတ်နေတာတွေလည်း ကြားနေရတယ်။
ဒီလိုအချိန်မှာကတော့ တစ်ဖက်နဲ့ တစ်ဖက် ကတိကဝတ်တွေနဲ့ အပစ်အခတ်ရပ်စဲထားတာမဟုတ်တဲ့အတွက် တစ်ဖက်ကလည်း အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ပြောနေကြတော့အခါ စစ်ရေးအတွက် တက်နိုင်သမျှ လူသူ ရိက္ခာစုဆောင်းတယ်။ လက်နက်၊ ခဲယမ်း၊ မီးကျောက်တွေ စုဆောင်းတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ စမ်းသပ်တယ်။ AA ကလည်း ဒါနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ ပြောလာတာမျိုးတော့ မရှိသေးဘူးပေါ့။
မေး – လက်နက်ကြီး ပစ်ခတ်စမ်းသပ်မှုအပေါ် ရခိုင်ပြည်သူတွေရဲ့ စိုးရိမ်မှု အနေအထားကရော ဘယ်လို ရှိပါသလဲ။
ဖြေ – လူထုကတော့ စိုးရိမ်တာပေါ့။ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုပြီးတော့ သူတို့နှစ်ဖက်ရဲ့ အခြေအနေတွေကို ကြည့်ပြီးတော့ စိုးရိမ်မကင်းတာတွေ ရှိတယ်။ တိုက်ပွဲတွေကတော့ လောလောဆယ် ဖြစ်ပေါ်လာနိုင်ချေမရှိဘူး။ သို့သော်လည်း သူတို့မှာက တစ်ဖက်နဲ့ တစ်ဖက် စစ်ရေးအရ သဘောတူညီချက်တွေနဲ့ ရပ်နားတာကလွဲလို့ တစ်ခြားဘာမှမရှိဘူး။ သူ့နယ်မြေ၊ ကိုယ့်နယ်မြေဆိုပြီး သတ်မှတ်ထားတာမျိုးလည်း မရှိတဲ့အခါမှာ သွားလာလှုပ်ရှားရင်း ထိပ်တိုက် ထိတွေမှုတွေလည်း ဖြစ်လာနိုင်တာပေါ့။ အဲ့ဒီအပေါ်မှာ လူထုက စိုးရိမ်ကြတာပေါ့။ တကယ်တော့ ဒီလိုကာလမျိုးမှာ အဲ့ဒီလိုမျိုး တွေ မလုပ်နိုင်ရင်ကောင်းတာပေါ့။
မေး – ရခိုင်လူထုရဲ့ လက်ရှိ ဖြတ်သန်းနေရတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အခြေအနေလေး သိပါရစေ။
ဖြေ – ကျွန်တော်တို့ ရခိုင်က စစ်ပွဲဒဏ်၊ ကိုဗစ်ဒဏ်၊ နောက်ပြီး မိုခါမုန်တိုင်းဒဏ်တွေကို အမြဲတမ်းခံနေရတဲ့အခါမှာ လူထုက အရင်ကထက် ဆင်းရဲကြတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စားတွေ များလာတယ်။ ရခိုင်မှာက စားဝတ်နေရေးတွေ ကြပ်တည်းလာတယ်။ သူတို့လည်းပဲ ဒီလိုပျက်စီးမှုတွေရှိတယ်။ အရင်တုန်းကလည်း စားနပ်ရိက္ခာတွေ၊ ဆေးဝါးပစ္စည်းတွေ၊ ပြည်မကလာနေတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ အဲ့တာတွေကလည်း ပိတ်ပင်ခဲ့တာတွေရှိတယ်။ ပြည်သူတွေကလည်း ရခိုင်ပြည်ထဲမှာက အရင်ကတည်းကလည်း အလုပ်အကိုင်ရှားပါးပါတယ်။ စစ်အစိုးရအဆက်ဆက် ရခိုင်ပြည်မှာ စက်ရုံအလုပ်ရုံတွေလည်း မရှိသလို၊ ပြည်တွင်းမှာထုတ်ကုန်ထုတ်နိုင်တဲ့လုပ်ငန်းဆိုတာ လုံးဝ မရှိဘူး။ ပြည်မကိုပဲ အားကိုးရတာပေါ့။ လူငယ်၊ လူရွယ်တွေက အလုပ်မရှိ အကိုင်မရှိနဲ့ ပြည်ပတွေကို ထွက် အလုပ်လုပ်ကိုင်နေရတာတွေ ရှိတယ်။
အထူးသဖြင့် မိုခါမုန်တိုင်းကာလမျိုးမှာ အရေးပေါ်ကယ်ဆယ်ရေးတို့ ပြန်လည်တည်ဆောက်ရေးတို့ မှာဆိုရင် ကိုယ့်အလှူရှင်တွေ၊ ကိုယ့်ပြည်သူတွေ အချင်းချင်း စေတနာရှင်တွေ အလှူနဲ့ ရပ်တည်ခဲ့ရတယ်။ အစိုးရက ဘက်ဂျက်လုံလုံလောက်လောက် ချပေးတာမရှိဘူး။ ဟိုရွာက ဆန် ၁၀ အိတ်၊ ဒီရွာက ဆန် ၅ အိတ်နဲ့ ဟန်ပြ လုပ်ခဲ့တာတွေရှိတယ်။ အဲ့ဒီအချိန်မှာလည်း နိုင်ငံတကာကအကူအညီပေးဖို့ အများကြီးကမ်းလှမ်းခဲ့တယ်။ အစိုးရက လက်မခံဘူး။ သူတို့ဆီကနေတစ်ဆင့် ကူညီဖို့ပဲပြောတယ်။ စစ်ကောင်စီကလည်း အရေးပေါ်အကူအညီကို ကိုယ်တိုင်မပေးနိုင်ခဲ့သလို၊ နိုင်ငံတကာရဲ့ အကူအညီကိုလည်း မရခဲ့ဘူးပေါ့။ ပြန်လည်တည်ဆောက်ရေးဆိုရင် ပိုပြီးတော့လိုအပ်တယ်ပေါ့။ ရခိုင်ပြည်မှာ ပုံမှန်အခြေအနေပြန်ဖြစ်အောင် ဆုံးရှုံးသွားတဲ့ အိမ်တွေပြန်ပြီးတည်ဆောက်နိုင်အောင်၊ လုပ်ငန်းခွင်တွေပြန်လည်ပတ်နိုင်အောင် လုပ်ဖို့ဆိုရင် ငွေကြေးက အရင်းအနှီးအများကြီး လိုအပ်တာပေါ့။ အဲ့တာကို ကိုယ့်နိုင်ငံကလည်း မတက်နိုင် နိုင်ငံတကာကိုလည်း ပိတ်ပင်ထားတယ်ဆိုတော့ ဒါကြောင့်လည်း ပြည်သူတွေက ပိုပြီး ဒုက္ခရောက်ကြတယ်။
မေး – စစ်ကောင်စီရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပိတ်ပင်ထားခြင်းနှင့် ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဖြေ – ဒါမျိုးလုပ်ရပ်ဟာ အစိုးရကောင်းတစ်ရပ်သာဆိုရင် မလုပ်သင့်ပါဘူး။ အထူးသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပိတ်ပင်တယ်ဆိုတာ မကြားဖူးဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့(စစ်ကောင်စီ)က အဲ့လိုလုပ်ကြတယ်။ အဲ့ဒါကြောင့်လည်း မဖြစ်သင့်တဲ့ အခက်အခဲတွေ ဒုက္ခတွေကို ကြုံလာရတယ်။ အရင်တုန်းတည်းက လုပ်လာတဲ့ ဒဏ်ရာ၊ ဒဏ်ချက် တွေကိုလည်း ပြည်သူတွေက အခုထိ ခံစားနေရတုန်းပါပဲ။
ဟုတ်ကဲ့ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် MPAအနေဖြင့် ကျေးဇူးတင်ပါတယ်။