မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ ၂၇ ရက် ညပိုင်း၌ ဒလန်သတင်းပေးမှုကြောင့် PDF ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုဝင်၆ ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
မေလ ၂၇ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်စွဲထားသော ဘောလုံးကွင်းတောင်ဘက်ရှိ အုတ်သျှစ်ကုန်းရွာတွင် အကြမ်းဖက်စစ်ကောင်စီများက အင်အား ၂၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။
“သူတို့လာဖမ်းသွားတုန်းက ၉ ယောက်ဖမ်းသွားတယ်။ အဲဒီ ၉ ယောက်ထဲမှာ ၆ ယောက်ကမိသားစုဝင်၊ ကျန်တဲ့၃ယောက်က မိသားစုဝင် မဟုတ်တဲ့အတွက် ၃ယောက်ကို ဖမ်းပြီး ခဏနေတော့ပြန်လွတ်ပေးလိုက်တယ် ” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦးပါဝင်ကြောင်းနှင့် ကျန်းမာရေးမကောင်းသူများပါ ပါဝင် နေကြောင်း၊ ယခုလို လာရောက်ဖမ်းဆီးသည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းလည်းသိရသည်။
“သူတို့ဖမ်းသွားတဲ့မိသားစုထဲမှာ အသက်၁၀ နှစ်ပဲ ရှိသေးတဲ့ကလေးပါတယ်။ ပြီးရင် နေမကောင်းတဲ့သူတစ်ယောက်ပါတယ်။ အခုက လာဖမ်းတာဒုတိယအကြိမ်ပါ။ ပထမတစ်ခေါက်လာဖမ်းတုန်းက အိမ်မှားပြီးသွားဖမ်းတာ။ အခုဒုတိယအကြိမ်လာဖမ်းတော့ မေးစရာရှိလို့ စခန်းတစ်ချက်လောက် လိုက်ခဲ့ပါပြောပြီး တစ်အိမ်လုံးကိုခေါ်သွားတယ် ” ဟု ဒေသခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံရသောမိသားစုဝင်များသည် ယခုတိုင် နေအိမ်တို့မရောက်ရှိသေးဘဲ ယမန်နေ့ညတွင် ပြန်လည် လွတ်မြောက်လာသော ပြည်သူ ၃ ဦးအား MPA မှဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုရန်ငြင်းဆိုခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက်တွင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ လူငယ်အများစုမှာ အာဏာရှင် စနစ်ကို မကြိုက်သည့်အတွက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်မှုများပြုလုပ်ခဲ့ကြသည်။