၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ တိုက်ခန်း အရောင်း၊ အဝယ်စျေးကွက်သည် ယခင်နှစ်များထက် ဝယ်ယူသူနည်းပါးလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
နိုင်ငံရေးမတည်ငြိမ်ခြင်း၊ ရွှေစျေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် တိုက်ခန်း ဝယ်ရောင်းစျေးကွက်ထဲသို့ ရင်းနှီးမြှုပ်နှံသူနည်းပါးလာပြီး စျေးကွက်တွင် အရောင်းသာရှိပြီး အဝယ်မရှိသလောက်ဖြစ်နေသည်ဟု ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် ဒေါက်ထက်က ပြောသည်။
“အရင်က ကျပ်ငွေတန်ဖိုးမရှိဘူးဆို ခိုင်မာတဲ့အရာဖြစ်တဲ့ အိမ်ခန်းတို့၊ မြေတို့၊ ရွှေတို့ဘက်ကိုလှည့်ကြတယ်၊ အခု ကျတော့ ရွှေကဆက်တိုက်အတက်ကြမ်းတယ်။ ရောင်းထုတ်ရပိုလွယ်တယ်။ အိမ်ကျတော့ အခုကရောင်းချင်တဲ့ သူသာများတာ၊ ဝယ်မယ့်သူကျတော့ တော်တော်ရှားလာတယ်။ အိမ်တွေကျတော့ အခုတိုင်းပြည်မငြိမ်သက်တာနဲ့ဆို ပြေးဆိုထားခဲ့ရမှာ၊ ရွှေကျတော့ သယ်ရလွယ်တယ် ခုဏကပြောသလိုပေါ့၊ အဲ့ဒီတော့ ရွှေဘက်ကိုပဲ လှည့်သွား ကြတယ်၊ တစ်ခုခုဆို အိမ်ကထားခဲ့ရမှာလေ သူရောင်းဖို့အချိန်တစ်ခုကလိုဦးမှာ”ဟု ဒေါ်ထက်ကပြောသည်။
၂၀၂၃ခုနှစ်အတွင်း တိုက်ခန်း အရောင်းအဝယ်သည် တစ်လလျှင် သုံးကြိမ်ခန့်ထိရှိသော်လည်း ၂၀၂၄ခုနှစ်အတွင်း နှစ်လမှသာ တစ်ခန်းခန့်ရောင်းထွက်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း ရွှေစျေးနှုန်းသည် သုံးဆခန့်မြင့်တက်လာသော်လည်း ငွေဖော်ရလွယ်သည့်အတွက် အများစုမှာ ရွှေကိုသာ ပြောင်းလဲ ရင်းနှီးမြှုပ်နှံ နေကြခြင်းဖြစ်သည်ဟု အကျိုးဆောင်များက မှတ်ချက်ပြုသည်။
ယင်းအပြင် နိုင်ငံအနှံ့အပြား တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်ခြင်း၊ ဆက်လက်နေထိုင်ရန် လုံခြုံမှုမရှိခြင်းတို့ကြောင့် ပြည်သူအများစုမှာ အိမ်အပါအဝင် အိမ်ထောင်ပရိဘောဂ ပစ္စည်းများပါမကျန် ရောင်းချခြင်း တို့ကို ၂၀၂၃ခုနှစ်မှစတင်ကာ ပိုမိုပြုလုပ်လာကြောင်း အကျိုးဆောင်တချို့၏ ပြောပြချက်အရ သိရသည်။
“အိမ်လုံးကျွတ် လာအပ်ကြတဲ့သူတွေရှိတယ်။ တော်တော်ကြာအောင် ရောင်းပေးရတယ်။ တချို့အခန်းတွေ အခုထိ မထွက်ဘူး။ ပြောရရင် ငွေမပေါကြတော့ဘူး။ တိုင်းပြည်ကအခြေအနေဘာမှန်းမသိတော့ ဇွတ်တွေ မဝယ်ရဲကြ တာလည်းပါတယ်” ဟု စမ်းချောင်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုသည်။
လက်ရှိ တိုက်ခန်း အရောင်းစျေးကွက် အေးနေသော်လည်း အငှားစျေးကွက်မှာ သွက်နေကာ၊ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် အများစု၏ အိမ်ငှားခစျေးနှုန်းသည် စစ်တပ်အာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့် မြင့်တက်လာ ကြောင်း အိမ်အငှား ပွဲစားများထံမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ သွားလာရလွယ်ကူပြီး စည်းကားသည့် မြို့နယ်များ၏ ဈေးနှုန်းများသာမက မြို့ထဲနှင့် အလှမ်းဝေးသည့် နေရာများမှ အငှားဈေးနှုန်းများမှာလည်း မြင့်တက်နေသည်ဟု နှစ် ၃၀ ကြာ အိမ်ပွဲစား လုပ်ငန်းလုပ်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“စမ်းချောင်း၊ ကြည့်မြင်တိုင် အဲ့ဒါတွေဆို ဈေးတွေက မကပ်နိုင်ဘူး။ မြို့ထဲဘက်က အခန်းဈေးတွေရောပေါ့၊ အရင် တုန်းက တစ်သိန်းရှစ်သောင်းတန် အခန်းက အခုဆို ၄ သိန်း၊ ၄ သိန်းခွဲဖြစ်နေပြီ၊ မြို့အပြင်ဘက် မြို့စွန်တွေဘက် မြို့နယ်တွေဆို အရင်က ၈ သောင်းလောက်ဆို နေလို့ရတယ်။ အခုတော့ အနည်းဆုံး တစ်လ ၁သိန်းခွဲ၊၂ သိန်း ရှိမှ ငှားလို့ရမယ့် အနေအထားဖြစ်နေပြီ”ဟု ၎င်းက ဆိုသည်။
အိမ်အခန်းအငှားဈေးနှုန်းများ မြင့်တက်လာသည့်နောက်ပိုင်းတွင် မိသားစုနေထိုင်ရန် အိမ်ငှားသည့် သူများထက် သူငယ်ချင်း၊ မိတ်ဆွေအချင်းချင်း အတူတူစုကာ ငှားရမ်းနေထိုင်ကြသူများပိုမိုများပြားလာသည့်အပြင် အတူစပ် နေရန်ဟုဆိုကာ လူမှုကွန်ယက်စာမျက်နှာများတွင် လူအရင်စုပြီးနောက် အခန်းငှားသည့်သူများမှာလည်း များပြားလာကြောင်း သိရသည်။