တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခြင်းလုံးခတ်နေသည့် လူငယ်နှစ်ဦးသေဆုံးခဲ့ပြီး ၁၅ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့်တော်လှန်ရေးရဲဘော်များထံမှသိရသည်။
၂၀၂၄ခုနှစ်၊ မေ ၈ရက်၊ ည ၆နာရီခန့်တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ ရငဲ၊ နတ်ဆိ(ကနက်သီရိ)၊ ကျွဲမင်းကုန်းနှင့် ကျောက်ခမောက်ရွာများသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နတ်ဆိရွာမှ ဒေသခံတစ်ဦးကပြောသည်။
“ နတ်ဆိ ဘောလုံးကွင်းထဲကျတာ၊ အဲ့ဒီမှာ ကလေးတွေခြင်းခတ်နေကြတာ၊ နှစ်ယောက်သေတယ်။ အသက်တွေက ၁၅နှစ်လောက်ပဲရှိသေးတာ၊ ကျန်တဲ့သူတွေကတော့ ဒဏ်ရာရတယ်” ဟု ၎င်းက ပြောသည်။
မေ ၈ရက်၊ မနက် ၈နာရီခန့်တွင် သရက်ချောင်းမြို့နယ် ပဲဒက်ရွာ စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး နောက် တိုက်ပွဲနေရာနှင့်ဝေးသည် ကျေးရွာများသို့ စစ်ကောင်စီက လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
“ မနက်က(မေ ၈ရက်) ပဲဒက်ရွာ စခန်းကုန်းကို သိမ်းထားတော့ တိုက်ပွဲနေရာနဲ့ဝေးတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ကြဲတာ၊ အဲ့ဒီရွာတွေက ပြည်သူတွေက ရွာမှာဘဲနေနေကြတာ၊ အထိအခိုက် ပျက်စီးမှုတွေကတော့ များမှာဘဲ” ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရငဲ၊ နတ်ဆိ(ကနက်သီရိ)၊ ကျွဲမင်းကုန်းနှင့် ကျောက်ခမောက်ရွာများမှ ပြည်သူ ၇၀၀၀ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရ သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ရေးများ ဖြစ်ပေါ်လျက်ရှိကာ အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်းကို အဓိကထား အသုံးပြုလျက်ရှိသည်။
ထိုကဲ့သို့ လေကြောင်းအသုံးပြုမှုသည် ၂၀၂၃ခုနှစ်မှ စတင်ကာ ပိုမိုများပြားလာပြီး စစ်ဘက်နှင့် အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ ဘာသာရေးဆိုင်အဆောက်အဦးများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် ကျေးရွာများသို့ စစ်ကောင်စီက နေ့စဉ်နီးပါး ဗုံးကြဲမှုများ ပြုလုပ်နေခြင်းဖြစ်သည်။