မန္တလေးမြို့တွင် ယခုနှစ်အတွင်း သုံးဘီးများကို အဓိကထား လုယက်နေပြီး၊ သုံးဘီးမောင်းသူအချို့လည်း အသတ်ခံရကြောင်း အဆိုပါမြို့ရှိ သုံးဘီးမောင်းနှင်သူများထံမှ သိရသည်။
သုံးဘီးအသစ်တစ်စီး၏ ဈေးနှုန်းမှာ ကျပ်သိန်း ၁၈၀ ဝန်းကျင်ရှိနေပြီး ပြန်လည်ရောင်းချမည်ဆိုပါက ကျပ်သိန်း ၁၀၀ ဝန်းကျင်ရရှိကာ၊ ဆိုင်ကယ်ထက် ဈေးပိုရခြင်းကြောင့် သုံးဘီးများကို အဓိကထား လုယက်နေခြင်းဖြစ်ကြောင်း မန္တလေးမြို့တွင် သုံးဘီးမောင်းသည့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။
“ဆိုင်ကယ်တစ်စီးခိုးရင် ဘယ်လောက်ကောင်းကောင်း ၃၀ ၊ ၄၀ အပြင် ပိုမရဘူး။ အခု စမတ်ကီးတစ်စီးဆိုရင် ၉၀ ကျော်ရှိတယ် ဒါပေမဲ့ ပြန်ရောင်းစားရင် သူခိုးဈေးဆိုလည်း ၃၀ ၊ ၄၀ ထက်ပိုမရဘူး။ သုံဘီးကတော့ ဘယ်ဟာ ခိုးခိုး ၁၀၀ အောက်ခံပဲ၊ အဲ့ဒီတော့ သုံးဘီးသမားတွေဘက်ကို လှည့်လာတာပေါ့။ လုယက်မှုတင်မဟုတ်ဘူး လူသတ်ပြီးမှ လုတာ”ဟု ၎င်းက MPA ကိုပြောသည်။
မေ ၈ ရက်၊ မွန်းလွဲပိုင်းကလည်း မတ္တရာမြို့နယ်၊ ကြာနီကန်သင်္ချိုင်း၏ အရှေ့ဘက်၊ အိမ်ရှေ့မင်း ထန်းတောဘက်တွင် သုံးဘီးမောင်းသမားတစ်ဦးကို ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့ပြီး ၎င်း၏ သုံးဘီးကိုတော့ မတွေ့ရတော့ကြောင်း အဆိုပါ သုံးဘီးမောင်းသူနှင့် နီးစပ်သူ မိတ်ဆွေများထံမှ သိရသည်။
“လူကတော့ မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ခွဲစိတ်ခန်းမှာ အခုထိ အသက်လုနေရတယ်၊ သုံးဘီးကတေ့ာ မတွေ့ရတော့ဘူး။ ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းကလည်း အခုဖြစ်တဲ့နေရာမှာပဲ သုံးဘီးသမားကိုသတ်ပြီး သုံးဘီးယူသွားသေးတယ်၊ ၂ လပိုင်းတုန်းကလည်း မန္တလေး ရေတံခွန်တောင်ဘက်ကို သုံးဘီးငှားတာ ပြီးတော့ ဓားနဲ့ မောင်းတဲ့ သူရဲ့ လည်ပင်းလှီးလိုက်တာ၊ အဲ့ဒီတုန်းက သူကမသေဘူး”ဟု အရေးပေါ်ခန်းရောက်နေသည့် သုံးဘီးမောင်းသူနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
လတ်တလောတွင် မန္တလေးရှိ သုံးဘီးမောင်းသူအများစုသည် အိမ်ရှေ့မင်းထန်းတောဘက် မန္တလေး ၁၉ လမ်း အနောက်ထိပ် တာဘောင်အစရှိသည့်နေရာများကို ငှားရမ်းပါက မလိုက်တော့ကြောင်း သိရသည်။
သုံးဘီးမောင်းသက် ရှစ်နှစ်ဝန်းကျင်ရှိသည့် အမျိုးသားတစ်ဦးကလည်း “လူရွေးလိုက်နေတာကြာပြီ ငါတို့ဆို ရှင်းရှင်းပြောရရင် လမ်းမှာလက်တားငှားရင်၊ သူစိမ်းလာငှားရင် မလိုက်တော့ဘူး။ သုံးဘီးသမားတော်တော်များများ ကလည်းမသိရင်မလိုက်တော့ဘူး။ အခုဆို သုံးဘီးမောင်းတဲ့နေရာနဲ့ နောက်က ထိုင်တဲ့ကြားမှာ သံတန်းရှိတယ် အဲ့သံတန်းကို သံဇကာတွေ ကာထားကြပြီ ၁၀ စီးမှာ ၅ စီးက ကာထားတယ်၊ အဲ့ဒီလိုကာထားရင်နောက်ကနေ လည်ပင်းဓားနဲ့လှီးလို့လည်း မရဘူးလေ၊ လုပ်ချင်ရင်တောင် ဘေးကနေ ပတ်လာမှပဲရမှာ” ဟု ပြောသည်။
နိုင်ငံရေးဖြစ်စဉ်များနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို အယုံအကြည်နည်းပါးသည့်အတွက် ယခုကဲ့သို့ဖြစ်စဉ်များကို တိုင်တန်းမှုများ မရှိသလောက်နည်းပါးကြောင်း ဒေသခံများထံမှ သိရသည်။