ကန့်ဘလူမြို့နယ်၊ မလည်ရွာပျူစခန်းအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့မှုကြောင့် တိုက်ပွဲများပြင်းထန်နေပြီး ရွှေဘို – မြစ်ကြီးနားကားလမ်းမတွင် ကားထောင်ချီပိတ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။
ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာရှိ ပျူစခန်းအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မေ ၇ ရက်တွင် ဝင်ရောက်စီးနင်းရာ စစ်သား ၃၀ ခန့်သေဆုံးခဲ့ပြီး ယင်းသို့ အထိနာမှုကြောင့် စစ်ကောင်စီကအကြိမ် ၅၀ ထက်မနည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။
“မလည်ရွာစဖြစ်တဲ့နေ့ကတည်းကပိတ်မိနေတာ၊ အခုဆို ၃ ရက်ရှိပြီ နောက်လည်းဆုတ်မရ၊ ရှေ့လည်းတိုးမရနဲ့ဖြစ်နေတာ” ဟု ဇီးကုန်းလမ်းခွဲအနီးတွင် ပိတ်မိနေသော ယာဉ်မောင်းသမားတစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီက မလည်ရွာနှင့် အနီးရှိကျေးရွာများအား လေကြောင်းမှအဆက်မပြတ်ပစ်ခတ်ခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ သပိတ်ကျင်းဘက်မှ ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်ခြင်းများကြောင့် မလည်ရွာအပါအဝင် အနီးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံပြည်သူများလည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။
“အသံတွေကလည်း တအုံးအုံးကြားနေရတာ၊ ကားလည်း အခုထိရှေ့ဆက်မသွားရသေးဘူး။ မတတ်သာလို့သာ နေရတာ နှလုံးတွေကိုတုန်နေတာပဲ” ဟု အသက် ၆၀ ကျော် ခရီးသွားအမျိုးသမီးက ဆိုသည်။
ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်ရှိ ပျူစောထီး ၁၅၀ ခန့်သည် မလည်ရွာသို့ စစ်ကူလာသဖြင့် ထိတွေ့မှုများ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ရွှေဘို – မြစ်ကြီးနားကားလမ်း၊ ခင်ဦး – ကန့်ဘလူကားလမ်းပိုင်းအားအသုံးမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးတားမြစ်ထားသည်။